Thway Thit
"သွေးသစ်ပါလား၊ သာလွန်နေမပါဘူးလား"
ကျွန်တော့်ကိုမြင်တော့ကိုမြတ်ကလှမ်းနှုတ်ဆက်လာသည်။ မင်းထက်နိုင်ကိုစားပွဲတွေဘက်လှမ်းညွှန်ပြလိုက်ပြီးမှ...။
"မပါဘူးကိုမြတ်၊ ကျွန်တော့်ညီတစ်ယောက်နဲ့လာတာပါ။ အေးဆေးထိုင်သောက်ချင်တယ်ပြောလို့လေ။ ဘယ်လိုလဲ အရောင်းအဝယ်အခြေအနေကောင်းတယ်နော်"
"မဆိုးပါဘူး။ ကဲပြော...ဘာချပေးရမလဲ"
"ကျွန်တော့်အတွက်ဘီယာပဲပေးပါ၊ သူကတော့သူသောက်ချင်တာမှာပါလိမ့်မယ်။ သွားထိုင်လိုက်ဦးမယ်နော်၊ ခွင့်ပြုပါဦး"
စားပွဲမှာဝင်ထိုင်တော့ မင်းထက်နိုင်ကအမြည်းနှင့်သောက်စရာတွေမှာလို့တောင်ပြီးနေပြီ။
အခင်းအကျင်းကိုလှည့်ပတ်ကြည့်ကာ စိတ်တိုင်းကျသွားပုံနှင့်ချီးကျူးစကားဆို၏။
"မဆိုးဘူးနော်။ အပြင်အဆင်ရောအစားအသောက်တွေရောစုံသားဗျ။ Liquid တွေကလည်းအပျော့အပြင်းအစုံပဲ၊ အရင်းအနှီးတော့နည်းပုံမရဘူး။ မိုက်တယ်ဗျာ၊ ခုနကအစ်ကိုနှုတ်ဆက်နေတာပိုင်ရှင်လား"
"ဟုတ်တယ်။ ပြီးမှမိတ်ဆက်ပေးမယ်၊ နောက်လည်းလာပေါ့၊ ပြောပါဦးမင်းကိစ္စ"
"ဖြေးဖြေးပေါ့။ အရင်စားသောက်ပါရစေဦး"
လာပြန်ပြီ အစားအသောက်သူရဲလေးတစ်ယောက်။ ခဏအကြာတွင် လာချပေးသောအစားအစာများကို စိတ်တိုင်းကျစားသောက်နေပါတော့သည်။ မှာထားသောဘာအရက်မှန်းမသိတဲ့ခွက်ထဲကအရည်တွေကိုလည်းမော့နေ၏။ ကျွန်တော်ကတော့ အမြည်းစားရင်းထိုင်ကြည့်နေလိုက်၏။
ရုပ်လေးသန့်သန့်ပြန့်ပြန့်နှင့်မင်းထက်နိုင်က ငွေကြေးလည်းမပူပင်ရတဲ့အဆင့်အတန်းထဲကမှန်းသိသာအောင်သုံးစွဲနိုင်သူပါ။ သွက်သွက်လက်လက်နေထိုင်တတ်ပေမဲ့ ဟော့ဟော့ရမ်းရမ်းပုံတော့မရှိပါ။ အလုပ်မယ်မယ်ရရမရှိပါဘဲ မြန်မာပြည်ကိုခဏခဏလာနေတာကိုတော့နားမလည်နိုင်ပါ။
လာရင်းကိစ္စကိုမေးကြည့်တော့လည်း တစ်ခါမှရေရေရာရာပြန်မဖြေ။ အလည်လာတာလို့ပြောနေတတ်ပေမဲ့ လည်ပတ်နေတာလည်းသိပ်မတွေ့ရပြန်။ သူ့အစ်ကိုဆိုသူနောက်လိုက်လျှင်လိုက်၊ မလိုက်လျှင်တည်းနေသောဟိုတယ်မှာပဲနေတတ်သူ။ သူလာတိုင်း ရောက်နေပြီဖြစ်ကြောင်းလှမ်းပြောတတ်ပြီး စိတ်ကူးပေါက်လျှင်ပေါက်သလိုလာလာတွေ့တတ်သူပါ။
YOU ARE READING
ဆုံစည်းခွင့်
Romanceစစ်မှန်သောချစ်ခြင်းတရားတိုင်း ဆုံစည်းခွင့်ရှိစေ။ #Firstlove #Boy Love #Romance #Drama #Complete (Unicode)