ဖုန်းဝင်လာသံကြောင့် တစ်ယောက်တစ်နေရာစီထိုင်ပြီးအတွေးလွန်နေသူနှစ်ဦးသားလက်ရှိကာလကိုပြန်ရောက်ရှိလာ၏။ သွေးသစ်ကဖုန်းကိုဖွင့်နားထောင်ပြီးမှထရပ်လိုက်ပြီး...။
"နေ၊ မင်းအတွက်အစီအစဉ်ကောင်းတစ်ခုရှိနေပုံပဲ"
"ဘယ်သူဆက်တာလဲ"
ကျွန်တော့်အမေးကိုခပ်သဲ့သဲ့ပြုံးပြရင်းနောက်ကျောတွင်ကပ်ရပ်ကာ သူ့အင်္ကျီအိတ်ထဲမှပုဝါဖြူတစ်စထုတ်ပြီးကျွန်တော့်မျက်လုံးကိုခပ်တင်းတင်းစည်းနှောင်နေ၏။
"ဘာလဲဟ။ ဒါဘာအစီအစဉ်လဲ။ ငါလည်းဘာမှမသိရပါလား"
"မင်းမသိအောင်လုပ်ထားပါတယ်ဆိုမှမင်းသိစရာလား။ ငြိမ်ငြိမ်လေးငါ့လက်ကိုကိုင်ပြီး ရဲရဲသာနောက်ကလိုက်လာခဲ့။ ဖြေးဖြေးချင်းလျှောက်နော်"
နှစ်ဦးသားပွဲကျင်းပရာဘက်သို့လျှောက်လှမ်းလာခဲ့ကြသည်။ တံခါးကိုအဖွင့်အသင့်စောင့်နေသောကလေးမလေးက သွေးသစ်ထံရိုးတံရှည်ရှည်နှင့်နီရဲလှပသောနှင်းဆီနီလေးတစ်ပွင့်ကမ်းပေးလာသဖြင့် လက်တစ်ဖက်ဖြင့်လှမ်းယူလိုက်ရသည်။ လက်တစ်ဖက်ကသာလွန်နေ့ကိုဖေးကူကာ ဂရုတစိုက်ခေါ်လာခဲ့ရ၏။
ပွဲသည်တိတ်ဆိတ်နေသလို၊ မီးများကိုမှိန်ချထားရင်းအဝင်လမ်းဘေးတစ်ဖက်တစ်ချက်အလင်းမီးတွေသာချန်ထား၏။ သတ်မှတ်ထားတဲ့အဝင်ပေါက်ဝ၊ ပန်းကလေးများနှင့်အလှဆင်ထားသောနေရာအရောက်တွင် Key Board မှတီးလုံးသံလေးကပျံ့လွင့်လာလေ၏။
မှာထားသည့်အတိုင်း သာလွန်နေ့မျက်လုံးကိုစည်းထားသောပုဝါစကိုအသာဖြည်ပေးလိုက်ရင်း လက်ထဲကနှင်းဆီပန်းလေးကိုလှမ်းပေးလိုက်ချိန်...။
*********************************
🎶 အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း... အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့ ...မင်းရဲ့... မင်းရဲ့ အချစ်မျက်ဝန်း 🎶Intro တီးလုံးနှင့်အတူပျံလွင့်လာသောအသံချိုချိုလေးကြောင့် စတိတ်စင်ဘက်ကိုလှည့်ကြည့်လိုက်မိသည်။ မီးရောင်ကစတိတ်ပေါ်သာကွက်ထွန်းထားခြင်းကြောင့် စင်ပေါ်တွင်သီဆိုနေသူကိုထင်ထင်ရှားရှားတွေ့လိုက်ရသည်။
YOU ARE READING
ဆုံစည်းခွင့်
Romanceစစ်မှန်သောချစ်ခြင်းတရားတိုင်း ဆုံစည်းခွင့်ရှိစေ။ #Firstlove #Boy Love #Romance #Drama #Complete (Unicode)