အော်ဒါတွေလည်းပြီးလောက်ပြီမို့ ၁၀ နာရီခွဲကျော်ကျော်မှာအခန်းပြန်ပြီးရေချိုးလိုက်ရသည်။ ဆောင်းတွင်းပေမဲ့အလုပ်ထဲကထွက်လာရသောကြောင့် ရေမချိုးလို့မဖြစ်ပါ။ ဟင်းနံ့တွေစွဲနေတာကြောင့် ခေါင်းကိုပါလျော်ချလိုက်ရ၏။ ရေနွေးနှင့်ပင်ဆိုသော်ငြား ချမ်းတာတော့ချမ်းတာပါပဲ။ ခိုက်ခိုက်တုန်နေရင်းမှအဝတ်တွေကိုအမြန်လဲဝတ်ရသည်။
လက်ရှည်အင်္ကျီအထူမပါးနှစ်ထည်ကို ဂျင်းပန်ထူထူနှင့်တွဲဝတ်လိုက်ပြီး အပေါ်ကနေသက္ကလပ်လောင်းကုတ်တစ်ထည်ကိုပါထပ်ဝတ်ရ၏။ ခေါင်းကိုအမြန်အခြောက်ခံပြီးမှ ခေါင်းစွပ်တစ်ခုကိုလည်းဆောင်းလိုက်ရသည်။ လက်အိတ်ခြေအိတ်နှင့်ဖိနပ်ကိုစီးပြီး ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်လိုက်တဲ့ကျွန်တော်က ကလောဆောင်းကိုရင်ဆိုင် ရန်အသင့်။ မြေနီလမ်းလေးအတိုင်းခပ်သွက်သွက်ပြေးထွက်လာစဉ် ဂျူတီကပြန်လာတဲ့ Bakerနှင့်လမ်းတွင်ဆုံ၏။
"Chef ပွဲထဲလား"
"ဟုတ်တယ် ညီ၊ ခဏသွားကြည့်မလို့"
"ရှမ်းအိုးစည်အဖွဲ့တွေတောင်ရောက်လာပြီ၊ ပွဲကအတော်စည်နေပြီဗျ"
ရှမ်းအိုးစည်အဖွဲ့ဆိုတာ ကျွန်တော်တို့ဟိုတယ်ရဲ့ပွဲတိုင်းကိုလာရောက်ဖျော်ဖြေပေးရတဲ့အကအဖွဲ့။ ရှမ်းရိုးရာတူရိယာအစုံအလင်၊ အကအဖွဲ့၊ ဓားသိုင်းအဖွဲ့တို့လည်းပါဝင်၏။ နာမည်ရတဲ့အဖွဲ့မို့လူကြိုက်လည်းများလှ၏။ အရင်ကဆို ၉ နာရီလောက်မှာလာဖျော်ဖြေတတ်ပေမဲ့ ဒီနေ့တော့ Cournt Down အချိန်နှင့်ကိုက်ပြီး နောက်ကျမှဖိတ်ထားခဲ့တာပါ။ ၁၁ နာရီလည်းထိုးပြီးပြီဖြစ်၍ အချိန်ကသိပ်မကျန်တော့ပါ။
ပွဲခင်းခပ်လှမ်းလှမ်းအမှောင်ရိပ်ကနေလှမ်းကြည့်မိတော့ ထင်သည့်အတိုင်းပွဲခင်းထဲတွင်တော်တော်သက်ဝင်လှုပ်ရှားနေပြီ။ စားပွဲဝိုင်းတွေကြားတွင် လှည့်ကာပတ်ကာတီးနေသောရှမ်းအိုးစည်အဖွဲ့သားများနှင့် ဓနုရိုးရာလှပျို ဖြူလေးများနှင့်အပြိုင် ဧည့်သည်တွေကမြူးတူးကခုန်နေ၏။ ဟိုတယ်ကပေးတဲ့ဌားရမ်းခအပြင် ဧည့်သည်တွေကလည်းဆုတွေချတတ်တော့ အကအဖွဲ့မှာလည်းစေတနာပိုပိုထားကာ အစွမ်းကုန်ကဖျော်ဖြေပေးကြသည်။
YOU ARE READING
ဆုံစည်းခွင့်
Romanceစစ်မှန်သောချစ်ခြင်းတရားတိုင်း ဆုံစည်းခွင့်ရှိစေ။ #Firstlove #Boy Love #Romance #Drama #Complete (Unicode)