အကို ရယ်၊ မင်း ရယ်၊ ပန်းကလေး ရယ်
မငြိမ့်ညောင်းသော ညနေခင်းတစ်ခုအား ပန်းတို့ကြားတွင် ဖြတ်သန်းရာ၏။ မသက်သာမှုတို့အား လေပြေတို့က ခေါ်ဆောင်သွားပါ။ ချစ်ရည်ရွှမ်းသည်ဟု ထင်သော ဤမြင်ကွင်းအားလည်း ရွက်ကြွေတို့ဖြင့် မျက်ကွယ်ပြုစေ။
မသိတတ်လေသောကောင်လေးမှာ သူ့ချစ်သူနှင့် တွေ့ဆုံရာသို့ မိမိအား အဖော်ခေါ်သွားလေခြင်း။ ရွာအစွန်ရှိ ချယ်ရီလမ်း၌ တစ်ယောက်တည်း ထိုင်ကာ ချစ်သူနှစ်ဦးဆုံစည်းရာ ပန်းခြံထဲသို့ မျက်လုံးပင် ဝေ့မကြည့်ခဲ့ပါ။ ထိုင်ခုံတွင် ကျောခိုင်းလျက်သာ ပြန်လာမည့်လမ်းအား ကြည့်ရင်း ရင်ထဲ၌ မုန်တိုင်းငယ်မှာ အခြေအနေစိုးလျက်ရှိ၏။
စောင့်မျှော်သူသည် နေခြည်လွှင့်လာချိန်ကိုလည်း မုန်းမိ၏။ မျက်နှာနုနုနား ရစ်ဝဲကြည်စယ်သွားတတ်ကြသော ချယ်ရီတို့အားလည်း အလိုမကျတော့ပြီ။ သာယာသောနေရာ၌ မသာယာနိုင်သူမှာ လမ်းမထက်၌ ဒုတိယမြောက် အက်ကွဲရာအား တောင်ခြစ်မြောက်ခြစ်။
ခြေသံကလေးများ ကြားရပါလျှင် အားဆေးသဖွယ် ပြုံးပြပါ့မည်။ အဆင်ပြေပါရဲ့လား ဟန်ဆောင်ပန်ဆောင် မေးတတ်ရပေအုံးမည်။
"ဘယ်လိုလဲ ကျွန်တော့်ရဲ့ဆောအာက လှရဲ့လား"
"ပန်းကလေးလိုပဲ"
"ဒါဆို ကျွန်တော်ကရော"
"ပန်းကလေးနှစ်ပွင့် လှလှပပဆုံစည်းနေသလိုမျိုးပေါ့"
"မလှပခဲ့ပါဘူး"
နွမ်းဖက်ညိုးငယ်နေသည့် မျက်နှာလေးအား ပွင့်လန်းစေရန် မည်သည့်တာဝန်များ ထမ်းပိုးရမည်မသိပါ။ ဘာကြောင့်လဲဟု မေးခွန်းထုတ်ရင်းသာ အဖြေအား မျှော်လင့်တကြီး စောင့်စားရတော့မည်။