စည်းတစ်ဖက်၌ သူရှိသည်
အချိန်ကား နံနက် ၈ နာရီပင်ထိုးလုလု။ တစ်အိမ်လုံး မနက်စာစားပြီးကြသော်လည်း ယောန်ဂျွန်းအတူတူ ဝင်မစားဖြစ်။ ဘွန်မ်ဂယူ နိုးထလာမည့်အချိန်အား နာရီတကြည့်ကြည့်ဖြင့် မျှော်နေခဲ့၏။ မနေ့က အနာအရှိန်ကြောင့် နံနက်ထရန်လည်း ခက်ခဲမည်ကိုသိသည့်အတွက် ကောင်လေးအား မနှိုးတမ်း အိပ်စေလိုက်သည်။ ၈ နာရီအထိ အစာခံထားရသောကြောင့် ယောန်ဂျွန်းမနေနိုင်စွာ ဘွန်မ်ဂယူအား သွားရောက် နှိုးရန်ပြင်သည်။
နှိုးရန်အကြောင်းနှင့် လာသော်လည်း တံခါးအားနိုးမည်စိုး၍ တိတ်တိတ်ဖွင့်ကာ ဝင်သည်။ မနေ့ညကအတိုင်း တုပ်တုပ်မျှမလှုပ်စွာ အိပ်မောကျနေသည့် ကောင်လေးအား တွေ့သည့်အခါ ယောန်ဂျွန်းပြုံးမိသည်။ ညကလည်း ယောန်ဂျွန်း အိပ်ပျော်ရန် အတော်ပင် ကြိုးစားလိုက်ရသည်။ အနာအရှိန်တက်ကာ အဖျားဝင်နေမည်စိုး၍ နှဖူးပြင်ပြေပြေကလေးအား နာရီဝက်ခြားတစ်ခါ ထိကု်င်စမ်းသပ်နေမိသည်။ ဘွန်မ်ဂယူအဖျားမရှိသည်သေချာမှ သူစိတ်ဖြောင့်ဖြောင့် အိပ်ပျော်ခဲ့သည်။
နဖူးကို လက်ဖဝါးဖြင့် ခဏခဏလာထိသည့်ကိုပင် မသိသောကြောင့် အတော်ပင် အအိပ်မက်သည့်ကောင်လေးဟု တွေးမိသေးသည်။ သူထိတွေ့ခဲ့သည်မှာ နဖူးပြင် တစ်ခုပင်မဟုတ်ကြောင်း တွေးမိချိန်၌ ယောန်ဂျွန်းတစ်ယောက် မလုံမလဲဖြစ်သွားသည်။ အိပ်ပျော်နေသည့် ကောင်ငယ်လေး၏ မျက်နှာအစိတ်အပိုင်းတို့၌ သူထိတွေ့ခဲ့သည့် နှုတ်ခမ်းဖူးကလေးအား အကြည့်ရောက်မိသည့်အခါ၌ ရင်တို့အဆမတန် အခုန်မြန်လာတော့၏။
သောက်လေ သောက်လေငတ်မပြေသည့် စိမ့်စမ်းရေက အေးချမ်းသည်ဆို သူ့အဖြစ်က ပူလောင်ပြန်၏။ သို့သော်လည်း ထိုပူလောင်မှုအား သူတပ်မက်ပြန်၏။ ညရောနေ့ပါ အခွင့်ကောင်းယူမည်ဆို အခွင့်အရေးသမားကြီးအဖြစ် အကျင့်ပါတော့မည်။ မြတ်နိုးမှုကလေးအား တရားဝင် ထိတွေ့ရမည့် နေ့ရက်တို့အား စိတ်ကူးယဉ်ဖူးပါသည်။ တစ်ဖက်သတ်ရည်ရွယ်ချက်မို့ မတတ်သာစွာ ခိုးယူရခြင်းအား သူလိပ်ပြာမလုံတော့ပြီ။ ယခုအချိန်၌ ရိုးသားစွာရွေးချယ်စရာ နှစ်ခုသာရှိတော့၏။ ဝန်ခံခြင်း နှင့် နှုတ်ဆက်ခြင်း သာကျန်တော့သည်။ ဝန်ခံ၍ ကံမကောင်းပါက နှုတ်ဆတ်ခြင်းနှင့် အတူထွက်သွားရပေမည်။ သို့မဟုတ်ပါက မဝန်ခံဘဲ နှုတ်ဆက်ထွက်ခွာခြင်းနှင့် သူရင်ဆိုင်ရတော့မည်။ သူ့ အိမ်ပြန်ချိန်ကား နီးလာလေပြီ။