အချစ်ကို ထိန်းချုပ်ခြင်း
သစ်ရွက်များကြွေလေတော့ လူလည်းဆွေးလာ၏။ အဆွေးနောက်၌ အလွမ်းလိုက်လာသည်။ လွမ်းရင်းနှင့် ငေးကြည့်မိသည်။ ငေးကြည့်ရင်းနှင့် တွယ်ငြိလာ၏။ တွယ်ငြိရင်း စွဲလမ်းမိသည်။ စွဲလမ်းရင်း အင်း ... သည်လိုနှင့် ဆုံးရှူံးမှု နွံထဲ၌ နစ်ရင်း နစ်ရင်းဖြင့်နေသားကျပုံပေါ်ပါသည်။ အမှန်က နေသားကျသည်ဆိုသည်ကား မရှိ။ ထို့ကြောင့် အချိန်ကြာသည့်တိုင် ခံစားချက်များ မတည်ငြိမ်ခဲ့ပါက မထိန်းချုပ်တတ်သောလူရဲ့ အပြစ်များလို့တော့ မဆိုစေချင်။ အို ... အချစ်ကို ဘယ်သူတွေကများ ထိန်းချုပ်နိုင်တာ မှတ်လို့ ။
。。。
"ဟိုကောင်ရေ ထတော့ဟ"
ဘောမ်ဂယူရဲ့ မနက်ခင်းတစ်ခုက အစ်ကိုကြီး အီချန်းဆွန်း၏ ခြေထောက်စာနှင့် အစပြုလေသည်။
အီချန်းဆွန်းဆိုသည်မှာ သူတို့အခန်းဖော် ငါးယောက်အနက် အသက်အကြီးဆုံးနှင့် အခန်းတာဝန်ခံဖြစ်၏။ ပုံစံက မျက်မှန်ထူထူ၊ ဝတ်ပုံစားပုံ ခပ်နွမ်းနွမ်းနှင့် စကားလက်ဆုံကျလျှင် စကားလုံးအကြီးကြီးများ ဆိုတတ်သည့် နိုင်ငံရေးကျောင်းသားဂိုက်ဖြစ်သည်။ အီချန်းဆွန်းက ဘောမ်ဂယူတို့ထက် သုံးနှစ်ကြီးကာ ဘွဲ့လွန်နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး အခန်းတစ်ခုလုံးတွင် စာအလုပ်ဆုံးဟုပြော၍လည်း ရသည်။
"အား ... ခေါင်း ခေါင်း ခေါင်းကိုက်တယ် !!"
အိပ်ယာထဲမှ မထွက်ဘဲ ခေါင်းကိုကိုင်ကာ လူးလွန့်နေသော ဘောမ်ဂယူ့အမူအရာကြောင့် ချန်းဆွန်းက စုပ်တစ်ချက်သပ်ကာ ခေါင်းခါလိုက်သည်။