ကံကြမ္မာက မျက်နှာသာမပေးခဲ့လျှင်
ကံကြမ္မာက မျက်နှာသာမပေးရင် ကိုယ်တိုင်ဖန်တီး ယူရမှာပေါ့။ လူတွေက ဇာတ်ဆရာအလိုကျလို့ပဲ ညည်းတွားနိုင်လွန်းတယ်။ ကိုယ်တိုင် ဇာတ်ဆရာဖြစ်ဖို့ရော ကြိုးပမ်းဖူးရဲ့လား။ ဇာတ်ညွှန်းကလည်း ကိုယ်၊ ဒါရိုက်တာလည်း ကိုယ်၊ ဇာတ်လိုက်ကလည်း ကိုယ်။ ပြီးရင် ထည့်ချင်တဲ့လူကို ကိုယ်လိုချင်တဲ့ဇာတ်လမ်းထဲ ရအောင် ထည့်ပစ်နိုင်ရမယ်။ ဒီလိုမျိုး တစ်ယောက်ထဲ ကြိုးစားနေတဲ့ ကိုယ့်ကို ကံကြမ္မာက လက်ပိုက်ကြည့်မနေလောက်တော့ဘူး ထင်ပါရဲ့ ။
。。。
ရက်တစ်ရက်ဝယ် နေ့ရယ် ညရယ် ရောပြွန်းနေသကဲ့သို့၊ ကိစ္စရပ်တစ်ခု၌ အဆိုးအကောင်း ဒွန့်တွဲသည်မှာ အဆန်းတော့ မဟုတ်လှ။ အကောင်းကို ခံစားချင်သပဆိုလျှင် အဆိုးကိုလည်း ခံနိုင်ရပေမည်။ သူ့မျက်နှာလေး မြင်ချင်လွန်း၍ မကြားချင်သည်များကိုလည်း နားထောင်နိုင်ရမည်။ နေတတ်သည်တော့ မဟုတ်ရပါ။ စင်စစ်မှာ သဘာဝဖြစ်စဉ်တစ်ခုရယ်မို့ နေနိုင်ရခြင်း။
ယောန်ဂျွန်း၏ ခြေထောက်များမှာ အိမ်ကြမ်းပြင်၌ ဦးတည်ရာမဲ့ သွားလာနေကြ၏။ မျက်လုံးများက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၊ မီးဖိုချောင်အတွင်းသို့ ဝင်ကြည့်လိုက်နှင့် ဆောက်တည်ရာ မရကြပေ။ သူ့လက်များကလည်း နှုတ်ခမ်းတို့တွင် တို့ထိ၍သော်လည်းကောင်း၊ လည်ပင်းတွင် ပွတ်သပ်၍သော်လည်း၊ ဆံနွယ်များကြား၌ အကြောင်းမဲ့ ထိုးဖွ၍သော်လည်းကောင်း အတည်တကျမရှိကြ။ သည်လိုနှင့် တစ်အိမ်လုံးရှိ အခန်းများအား တစ်ခန်းဝင်တစ်ခန်းထွက်ကာ စဉ်းစားခန်းဖွင့်နေလေသည်။ အိမ်တွင် မည်သူမျှ မရှိသည်ကို တော်လှပြီဟု တွေးမိသည်။ အမေရှိပါက မျက်စိနောက်သည့်အကြောင်း ပြောမည်မှာ မုချဖြစ်၏။