ဗလာနတ္ထိရင်ခွင်မှာ ပြဿနာတစ်ခုရှိလာတယ်
စာရေးသူတစ်ယောက်ရဲ့ အသက်ဟာ ရေးခွင့်ရှိတဲ့လက်ချောင်း တွေပဲလား။ တွေးနိုင်လွန်းတဲ့ ဉာဏ်စွမ်းတွေလား။ စာရေးသူဟာ စာတွေကို ဘာကြောင့် ရေးရပါသလဲ။ ဖျက်ကနဲ အတွေးရပ်တို့အား ဖမ်းဆုပ်တတ်ခြင်းအလိုငှာ သိမ်းဆည်းရန်သပ်သပ်လော။ သို့မဟုတ် အများသူငှာအား ကိုယ်၏မျိုးစုံကြိုးခုန် အတွေးဖုံတို့အား ပြန်လည်ဖြန့်ဝေချင်၍သာ အားစိုက်သလော။ အတွေးမောင်း၊ အရေးကောင်းအား အမှီသဟဲပြုကာ အသက်မွေးကြောင်းပြုချင်၍သာ အာရုံစူးနေသလော။
ချွဲယောန်ဂျွန်း၏ အတွေးဂယက်တွင် ယနေ့ အရှုံးသမားဖြစ်ရခြင်းအကြောင်းတို့သာ တဝဲလည်လည် ရစ်နေလေသည်။ ဒဿမအကြိမ်မြောက်သော စာမူအပ်ခြင်းသည်လည်း ပယ်ချခြင်းနှင့်သာ ထပ်မံမိတ်ဖွဲ့၏။ ခဲရောင်မှိန်မှိန် ကုတ်အကျႌအား ပုခုံးသို့လွှဲတင်ကာ လမ်းမတို့ပေါ် လေးလံစွာလျှောက်လှမ်းလာခဲ့ရာ တစ်နေရာသို့အရောက်၊ တစ်ခုသော မျှော့်လင့်ချက်ကလေးအား သတိရဟန်အားတက်သွားသည်။
အခြားမဟုတ်၊ လမ်းဘေးဖုန်းအိမ်တစ်လုံးသာ ဖြစ်၏။ ၁၉၇၅ ဟုရေးသားထားသောကြောင့် မကြာသေးသောနှစ်က တည်ဆောက်ခဲ့သည် ထင်သည်။ ကုတ်အကျႌအိတ်ကပ်ထဲမှ အသင့်ရှိနေသော အကြွေစေ့နှစ်စေ့အား ထုတ်ကာ ဖုန်းခေါ်ရန် အသုံးပြုတော့သည်။ ထို့နောက် ဖုန်းလက်ကိုင်အား နားအနားသို့ကပ်ကာ အလွတ်ရနေမိသော ဖုန်းနံပါတ်သို့ရောက်ရန် ဖုန်းခွက်ကြီးအား တဂွက်ဂွက်မြည်အောင် သူလှည့်သည်။ ဖုန်းဝင်သံတို့ကြားတွင် အမျိုးအမည်မသိသော ခံစားချက်နှင့်အတူ စိတ်လှုပ်ရှားစွာ သူစောင့်စားနေမိသည်။ ထို့နောက် "ဟယ်လို" ဟူသော ထူးသံတစ်ခုမှာ သူ မျှော်လင့်နေသည့် အသံမဟုတ်ခဲ့။