Part🌻1

2.7K 130 10
                                    

Unicode

၂၀၁၇ ဇူလိုင်လ (၁၆) ရက်နေ့။ကနေဒါနိုင်ငံ၊ဗန်ကူးဗားမြို့။

"ဒီနေ့ထပ်ရောက်တဲ့စာလည်း ကျွန်တော်ပဲ သိမ်းထားလိုက်ရမလား အစ်ကို''

"​မင်းသဘောပဲ အယ်နီ၊စာတိုက်ကအပြန် စီးကရက်ဘူးတချို့ဝင်ဝယ်ခဲ့ပေးပါဦး''

"ဟုတ် ကျွန်တော်ဖုန်းချပြီနော်'' 

အယ်နီနဲ့ဖုန်းပြောပြီးနောက် သူဟာ စီးကရက်တစ်ခုကို မီးညှိ​ပြီး ရှိုက်ဖွာလိုက်တယ်။အတွေးတွေက စီးကရက်ငွေ့တွေကြား ဟိုတစ်စ၊ဒီတစ်စ။ကျိုးပဲ့သွားတဲ့ သူ့မေတ္တာတွေဟာ အတိတ်တွေမှာဝဲပျံနေတုန်းပဲ။ခြံထဲက အဝါရောင် သစ်ခွပန်းတွေကို သူငေး​​ကြည့်ရင်း တစ်စုံတစ်ယောက်ကို ပိုလွမ်းလာတယ်။

ခင်ဗျားရှိရာမှာ မိုးများရွာနေမလား။ငါရှိတဲ့ ဒီအရပ်မှာတော့ နွေရက်တွေဖြစ်နေ​​လေရဲ့။မှတ်မှတ်ရရပါပဲ။ဒီ​နေ့ အိမ်ရှေ့မှာ မောက်ခမ်းဝါတွေ တခမ်းတနားကြီး ပွင့်တယ်။ဒီပန်းတွေဟာ ခင်ဗျားနဲ့သိပ်ကိုတူတယ် အချစ်ရယ်။ငါ့ရဲ့တယုတယ စိုက်ပျိုးမှုမှာ မနေပျော်ကြဘူး ထင်ပါရဲ့။နှစ်တွေများစွာ ကြာခဲ့တာတောင် ဒီတစ်နှစ်၊ဒီတစ်ကြိမ်ပဲ ပွင့်ဖူးသေးတယ်လေ။ 

ခြွင်းချက်အနေနဲ့ ငါနဲ့တူတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ငါ့နှလုံးသားဟာ ခင်ဗျားဆိုတဲ့ တစ်ဦးတစ်ယောက်ဆီမှာပဲ ရှင်သန်ချင်ခဲ့သလိုပေါ့။ သူတို့ဟာလည်း ခင်ဗျားရဲ့ဇာတိ၊ သူတို့မွေးရပ်မြေမှာပဲ ဖူးပွင့် ချင်ကြပုံ​ပေါ်ရဲ့။ဒီပန်းတွေကိုမြင်တိုင်း အလွမ်းရင့်ရင့်တွေနဲ့ ငါပြိုလဲဖူးရာ နှုတ်ခမ်းဖျားတွေကို လိုက်ရှာမိတော့တာပါပဲ။စိတ်နဲ့ညွှန်းတဲ့ ဒီအလွမ်းတွေ ခင်ဗျားလိပ်ပြာလေး ကြားနိုင်ပါစေပေါ့။

''အစ်ကိုရေ အစ်ကို ကျွန်တော်ရောက်ပြီ''

ခြံတံခါးဆီမှ ဘဲတီးသံနဲ့အတူ အယ်နီရဲ့လှမ်းခေါ်သံက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာတယ်။သူ့အတွေးစတွေ ဖြတ်ခဲ့ရင်း တံခါးဝဆီ လျှောက်လာခဲ့တယ်။ဒီမှာနေဖြစ်ခဲ့တဲ့နှစ်​တွေအတွင်း သူနဲ့ဒီကလေး အတော်အတန် ရင်းနှီးနေပါပြီ။မြန်မာသွေးစပ်တဲ့ အယ်နီက သူ့ဘေးအိမ်မှာနေပြီး စာပို့တိုက်တစ်ခုမှာ အလုပ်လုပ်တယ်။မြန်မာစကားကိုလည်း အနည်းအကျဥ်းတော့ ပြောတတ်ပါတယ်။

"ချစ်သော မောက်ခမ်းညို"(Completed)Where stories live. Discover now