" လိုက်ကြဟေ့!! ဒီဘက်ပဲ... "
ညာသံပေးပြီး ပြေးလာတဲ့ လူအုပ်ကြီးရဲ့ အသံကြောင့် နောက်ကိုတောင် လှည့်မကြည့်အားပဲ အားတင်းပြီး ရှေ့ကိုသာ ဆက်ပြေးနေမိသည်။
ချင်နိုင်ငံမှာ ပညာသွားသင်ပြီး ပြန်အလာ နန်းတော်ထဲမဝင်သေးဘဲ အပြင်မှာ သုံးရက်တာ အချိန်ဖြုန်းမိသည့် သူအမှား။ အခုတော့ ရုတ်တရက်ပေါ်လာတဲ့ ပုန်ကန်သူတပ်ဖွဲ့ကြောင့် အတူတူပါလာတဲ့ ကိုယ်ရံတော်တပ်ဖွဲ့တွေ အကုန်သေကုန်ပြီ။ ခါးစပ်မှ ဒဏ်ရာကလည်း ပြေးလွှားနေသည့်ဒဏ်ကြောင့် လက်တစ်ဖက်နဲ့ ဖိထားသည့်တိုင် သွေးများ ပိုမိုစီးကျလာပြီး အသည်းခိုက်အောင် နာကျင်နေသည်။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မူးဝေပြီး လဲကျတော့မတတ် ခံစားရသည်။ ဒါပေမယ့် ဒီပုန်ကန်သူတွေ လက်ထဲမှာ အသက်သေဆုံးလို့ မဖြစ်။ အသက်လုပြီး ပြေးလွှားနေသူကား ရှီလာနိုင်ငံ၏ အိမ်ရှေ့စံ ဆယ်ဟွန်း... ။
" အား... !! "
သတိထားပြီး ပြေးနေရက်နဲ့တောင် သစ်ငုတ်တစ်ခုကို မမြင်ဘဲ ခလုတ်တိုက်တာ ချော်လဲသွားသည်။ လက်စွဲတော်ဓားနဲ့ထောက်ပြီး ပြန်ထဖို့ ကြိုးစားပေမယ့် အားမရှိသည့်ခြေထောက်အစုံတို့က ပျော့ခွေကာ ပြန်ရပ်ဖို့ကို ငြင်းဆန်နေသည်။ မြင်ကွင်းထဲမှာ ဝိုးတဝါးမြင်နေရတာက တစ်ဦးတစ်ယောက်ရဲ့ ခြေထောက်အစုံ။
တဖြည်းဖြည်းဝေဝါးလာသည့် အမြင်အာရုံတွေနဲ့အတူ နောက်ဆုံးကောက်ရိုးတမျှင်ဟု သဘောထားကာ ပြန်လှည့်သွားဖို့ လုပ်နေတဲ့ ထိုခြေထောက်တစ်ဖက်ကို လှမ်းဆွဲထားမိပြီး...
" ကျေး... ကျေးဇူးပြုပြီး ကယ်... ကယ်ပေးပါ။ "
ထို့နောက် သူ့ကမ္ဘာသည် အတိအမှောင်ကျသွားတော့သည်။
---------------------------
" ဒီမှာဟေ့... !! "
သူ့ရဲ့အော်သံအဆုံးမှာ တပ်သားတွေအားလုံး တောင်ကုန်းလေးပေါ်ကို ရောက်လာသည်။ သူ့မျက်စေ့ရှေ့မှာတင် ခွေခွေလေးလဲနေတဲ့ ရှီလာအိမ်ရှေ့စံ။ အိမ်ရှေ့စံရဲ့ခေါင်းကို ယူပေးနိုင်လျှင် တစ်သက်စားမကုန်တဲ့ ဆုငွေအများကြီး ရမှာမို့ ပျော်ရွှင်မှုက စိတ်ထဲမှာ အတိုင်းမသိ။