ဆယ်ဟွန်း ဒီစံအိမ်ကိုရောက်တာ ၅ ရက်ခန့်ရှိပြီ။ ဘယ်မှမသွားရသည်က လွဲ၍ ကျန်တာအကုန်ပြီးပြည့်စုံပါသည်။ ဂင်မ်က တစ်ခါတရံ သူနဲ့အတူ လာအိပ်တတ်တာကလွဲ၍ လက်ဖျားနဲ့တောင်မထိ။ စံအိမ်ထဲမှာ သူ့စိတ်ကြိုက်နေစေသည်။
ပေါက်စီဟူသော ကျားဖြူကြီးနှင့်လည်း အတော်ရင်းနှီးနေပြီ။ ပေါက်စီကြီးက ဂင်မ်မရှိတဲ့အချိန်တိုင်း သူ့အနားကို ရောက်လာလေ့ရှိသည်။ ဂင်မ်ရှိနေရင်တော့ အမြဲမောင်းထုတ်ခံရတာမို့ မလာတတ်။
ဆယ်ဟွန်းအနားမှာ လာလှဲပြီး ခေါင်းကို ပွတ်ပေးရင် မျက်လုံးလေး စင်းပြီး ဇိမ်ခံတတ်သေးတာ။ သူပြောသမျှ နားထောင်ပေးတဲ့ တစ်ဦးတည်းသော ရင့်ဖွင့်ဖော်ဆိုလည်း ဟုတ်သည်။
သို့သော် မြို့တော်က အခြေအနေတွေကို သိချင်စိတ်က တားမရ။ ဒဏ်ရာလည်း အတော်အသင့် သက်သာနေပြီမို့ ပြန်လိုက်ပို့ဖို့ ဂင်မ်ကို ပြောကြည့်ရမည်။
အခန်းထဲမှာ တစ်ယောက်တည်းရှိနေတုန်း ဂရုမစိုက်တာကြာပြီဖြစ်တဲ့ ဆံနွယ်ရှည်တွေကို ဖြီးသင်ဖို့ ယောင်ထုံးကို ဖြည်ချလိုက်သည်။ ကျောလယ်ခန့်ရှိသည့် ဆံနွယ်နက်နက်တွေက နူးညံ့ပျော့ပြောင်းစွာ လှုပ်ယမ်းသွားသည်။
အမြဲတမ်းအပြောင်အရှင်းထားတတ်တဲ့ တော်ဝင်ဆန်တဲ့ မျက်နှာချောချောပေါ်မှာ ဆံနွယ်ရှည်အချို့က အုပ်မိုးသွားတော့ နဂိုကထက် နူးညံ့သွားသလိုမျိုး။
အတွင်းဝတ် အဖြူရောင်တစ်ခုတည်းနှင့် ကြေးမုံရှေ့မှာ ဆံပင်ဖြီးသင်နေတဲ့ ဆယ်ဟွန်းရဲ့ပုံစံက ဂန္တဝင်ပန်းချီကားတစ်ချပ်အလား။
သံလွင်ဆီ အနည်းငယ်ထည့်ပြီး အထိန်းတော်ကြီး လုပ်ပေးခဲ့ဖူးသလိုမျိုး ဖြီးသင်ကြည့်သည်။ သိပ်မသပ်ရပ်ပေမယ့် ကြည့်ပျော်ရှုပျော်တော့ အဆင်ပြေပါသည်။
ထိုစဥ် တံခါးဖွင့်သံကြား၍ လှည့်ကြည့်လိုက်တော့ ဂင်မ်။
ဟုတ်ပါတယ်လေ... ။ ဒီအခန်းက ဂင်မ်ကလွဲပြီး တခြားသူတွေ အခွင့်မိန့်မပါဘဲ ဝင်ချင်တိုင်း ဝင်လို့ရသည့်နေရာမှ မဟုတ်ဘဲ။