အခန်းထဲရောက်သည်နှင့် ဂင်မ်က သူ့လက်ထဲမှ ဓားရှည်ကို ပစ်ချလိုက်တာ ချွင်ကနဲ။ ထို့နောက် သူ့နှုတ်ခမ်းတွေကို မက်မက်မောမော နမ်းရှိုက်လာသည်။ နှုတ်ခမ်းပါးတွေကို သူ့အပိုင်စားရထားသည့်အလား စိတ်ကြိုက်စားသုံးနေသည်။ တစ်ချက်လေးတောင် နားခွင့်မပေးဘဲ နက်နက်ရှိုင်းရှိုင်းခြယ်လှယ်နေသည်။
တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားသည့် ပုခုံးစွန်းတွေကို လွှတ်မပေးသည်က ဆယ်ဟွန်းပျောက်ကွယ်သွားမှာ စိုးသည့်အလား။
တစ်ခုခုဖြစ်နေတာလားဟု မေးလိုက်ချင်ပေမယ့် တဖြည်းဖြည်း ပိုမိုကြမ်းတမ်းလာတဲ့ အနမ်းတွေကြောင့် ဆယ်ဟွန်း ထုတ်မေးရန် အခွင့်မသာခဲ့။ အသက်ရှူကျပ်လာချိန်မှာတော့ သူ့ပုခုံးစွန်းတွေကို ခပ်ဖွဖွ တွန်းထုတ်မိသည်။
ထိုအခါ ဆယ်ဟွန်းပုခုံးပေါ်မှာ ပြေကျနေသည့် ဆံပင်တွေကို နောက်သို့ အသာအယာပို့လိုက်ရင်း အနမ်းတွေက လည်တိုင်ထက်သို့ ဆင်းသက်လာသည်။ တစ်ထပ်တည်းသော ဝတ်ရုံစကြိုးမှာလည်း ဘယ်အချိန်ပြေသွားမှန်းမသိလိုက်။
ရင်ဘတ်ပေါ်မှ လက်ဖျား၏အေးစက်စက် အထိအတွေ့ကို ခံစားလိုက်မိချိန်မှာတော့ ဆယ်ဟွန်း သူ့လက်တွေကို လှမ်းဆွဲထားလိုက်မိသည်။
" တော်ပြီ... ငါမနက် နန်းတော်ပြန်မှ ဖြစ်မယ်... ဒီအကွက်တွေနဲ့ဆိုရင် အတင်းစကားတွေ ထွက်လာလိမ့်မယ်... "
ဂင်မ်က သူ့လည်တိုင်ကျော့ကျော့ဆီမှာ မျက်နှာအပ်ထားရာမှ မော့ကြည့်လာသည်။ ရီဝေဝေမျက်ဝန်းဝါတွေက ဆယ်ဟွန်းကို ဘာမှဆက်မပြောနိုင်အောင် ဆွဲဆောင်နေသည်။
" ကိုယ့်ရဲ့ဟွန်းကို ဘယ်သူပြောရဲသလဲ? ပြောရဲတဲ့သူကို တောင်အောက်ပစ်ချပြီး ကျားစာကျွေးပစ်မယ် "
နှုတ်ခမ်းစွန်းတို့ ကွေးညွှတ်သွားရုံ အပြုံးနှင့်အတူ ဂင်မ်ဆီက တစ်လုံးချင်း ထွက်လာတဲ့ ထိုစကားသံတိုးတိုးက ကြက်သီးထစရာကောင်းလွန်းပါသည်။
လည်တိုင်ဖြူဖြူပေါ်သို့ ခပ်ပြင်းပြင်း နမ်းရှိုက်လာသောအခါ တစ်ကိုယ်လုံးရှိ သွေးကြောများ ပြောင်းပြန်စီးသွားသကဲ့သို့ပင်။ ထို့နောက် သလွန်စောင်းပေါ်က အိပ်ရာနဲ့ ကျော၏ အထိအတွေ့ကို ခံစားလိုက်မိသည်။