ဒီတစ်ခါ ဆယ်ဟွန်းနိုးလာတဲ့ အချိန်မှာတော့ ကျောက်ဂူထဲမှာ မဟုတ်တော့။ နွေးထွေးတဲ့အခန်းတစ်ခုထဲက ကတ္တီပါခြုံစောင်ကြီးတစ်ခုအောက်မှာ ရောက်နေခဲ့တာ။ အသိစိတ်ဝင်ဝင်လာချင်း ခါးဆီက ဒဏ်ရာမှလည်း ဆစ်ကနဲနာလာတာမို့ တစ်ဖက်စောင်းနေရာမှ ပက်လက်အနေအထားကို ပြောင်းလိုက်သည်။
ဘာအသံလဲ?
မတိုးမကျယ်လွန်းသော အသက်ရှူသံတစ်ခုနဲ့အတူ လေငွေ့နွေးနွေးက သူ့နားရွက်ဖျားကို တိုက်ခတ်နေသည်။
လှုပ်ရှားနေတဲ့စိတ်နဲ့အတူ ဘေးကိုဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ ...
မနေ့က ဟိုအူကြောင်ကြောင်နဲ့လူ ... ။ လက်တစ်ဖက်ကလည်း သူ့ရင်ဘတ်ပေါ်တင်ပြီး ဖက်ထားသေးသည်။
ဆယ်ဟွန်း ရုတ်တရက်လန့်သွားပြီး ထိုလူကို ကန်ချလိုက်မိသည်။ အဲ့ဒီလူက ဘယ်လိုလုပ် သူ့အိပ်ရာပေါ် ရောက်နေတာလဲ။
ယောက်ျားသားနှစ်ယောက်က တစ်ခန်းတည်း တစ်ကုတင်တည်းပေါ်မှာ တူတူအိပ်နေတာ ဒါဘယ်လိုအခြေအနေကြီးလဲ။
" အာ့.. "
ကုတင်အောက်ကို ဘုတ်ကနဲ ပြုတ်ကျသွားသည်နှင့် တပြိုင်နက် ညဥ်းတွားသံတစ်ခု ထွက်လာသည်။ သိပ်မလင်းသေးတဲ့ နံနက်စောစော ရာသီဥတုမှာ နေသာနေရင်းမှ ရုတ်တရက် ဖြတ်ကနဲ လျှပ်စီးလက်သွားသည်။
" ဘာလို့ကန်ချတာလဲ။ မင်းသိပ်ဆိုးနေတာပဲ။ "
မျက်ခုံးကိုတွန့်ချိုးရင်း အလိုမကျသည့်ဟန်ဖြင့် ပြောလာသည့် ထိုလူ။ ဆယ်ဟွန်းလည်း မင်းမာနဖြင့် ခပ်မာမာပဲ ပြန်ပြောလိုက်သည်။
" မောင်မင်းက ဘာလို့ ငါ့အိပ်ရာပေါ် ရောက်နေရတာလဲ။ "
ထိုလူက တစ်ခုခုကို ပြန်ပြောမလို့ လုပ်နေပြီးမှ အခန်းပြင်က အသံကြောင့် တိတ်သွားသည်။
" သခင်ကြီး... နိုးပါပြီလား။ ကိုယ်လက်သန့်စင်ဖို့ရေနဲ့ ဆေးဝါးတွေ လာပို့တာပါ။ "
" ဝင်ခဲ့... "
ပိတ်ထားတဲ့ တံခါးဆီကို လှမ်းကြည့်ရင်း ပြောလိုက်တဲ့ ထိုလူရဲ့အသံက သြဇာအာဏာရှိတာကိုတော့ ဆယ်ဟွန်းလက်ခံသည်။