" ဘယ်လိုပဲ အလျင်လိုနေတာ ဖြစ်ဖြစ်... အရှင်ကြီးဂင်မ်ရဲ့ ဝတ်ရုံတော်ကိုတော့ ယူမဝတ်သင့်ဘူးမလား။ "
ဆယ်ဟွန်း မကျေမနပ်ပြောနေတဲ့ အထိန်းတော်ကြီးကို တစ်ချက်လှည့်ကြည့်လိုက်မှ အသံတိတ်သွားသည်။ မျက်စေ့ရှေ့မှာ မြင်နေရသည့် မာန်ဖီနေသည့်ဟန် ကျားခေါင်းကြီးသဏ္ဍာန်ပါတဲ့ အဖြူရောင်ပိုးထည်ဝတ်ရုံကို ကြည့်ရင်း စိတ်ရှုပ်လာသည်။
မနေ့က သူ့ကိုထူးဆန်းသလို ကြည့်နေကြတဲ့ နန်းတွင်းသူတွေရဲ့ အကြည့်က နတ်ကွန်းထဲက ဝတ်ရုံကို ယူဝတ်လာမိလို့တဲ့လား။ အိမ်ရှေ့စံမင်းသား တောင်ပိုင်အရှင်ကြီးဂင်မ် အပြစ်ပေးတာ ခံရတော့မယ် ဆိုပြီးလည်း သတင်းတွေ ထွက်နေသေးသည်။
သေချာတာတော့ ဒီဝတ်ရုံကို သူတမင်ယူဝတ်လာတာ မဟုတ်။ သတိရတဲ့အချိန်တည်းက သူ့ကိုယ်ပေါ်မှာ ရှိနေခဲ့တာပင်။
" မယ်မယ်ကြီး ကြွချီတော်မူလာပါတယ်။ "
တံခါးဝဆီမှာ အသံကြောင့် ဆယ်ဟွန်း စားပွဲပေါ်မှာ ခေါင်းငိုက်စိုက် မှီနေရာမှ ရုတ်တရက်ထကာ ခရီးဦးကြိုပြုလိုက်သည်။ ဘွားဘွားက ဒီနန်းတော်ထဲမှာ ခမည်းတော်ပြီးရင် သူဂရုအစိုက်ဆုံးလူသားပင်။
" ဝင်ခဲ့ပါ။ "
" ဘွားဘွား... နေကောင်းပါရဲ့လား။ မနေ့တည်းက ကျွန်တော်မျိုး လာနှုတ်ဆက်လိုက်ရမှာပါ။ မြေးတော်ကို ခွင့်လွှတ်ပေးတော်မူပါ။ "
ဘွားဘွားက သူ့လက်ကို ကိုင်ရင်း...
" အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာလို့ တော်ပါသေးတယ်။ ထိုင်... ထိုင်ပါ။ "
ဘွားဘွားကို သူ့ရဲ့ထိုင်ခုံအခင်းပေါ်မှာ ထိုင်စေလိုက်ပြီး သူကတော့ အေးစက်နေသည့် ကြမ်းပြင်ပေါ်မှာပဲ ထိုင်လိုက်သည်။
" ဗျာ... တောင်းပန်ရမယ်။ ဟုတ်လား ဘွားဘွား.. ။ "
ဆယ်ဟွန်း ကိုယ့်နားတောင် ကိုယ်မယုံနိုင်။ နန်းတွင်းသူတွေရဲ့ အတင်းအဖျင်းစကားတွေကို ဘွားဘွားက ဂရုစိုက်တယ်တဲ့လား။
" မဖြစ်နိုင်ပါဘူး ဘွားဘွား... ။ သူ့ဝတ်ရုံလေး ခဏငှားသုံးမိတာကို ဘာလို့ တောင်းပန်ရမှာပါလဲ။ "