ဆယ်ဟွန်းသတိရလာလာချင်း ပထမဆုံး ခံစားမိတာက သာမန်ထက် ပိုလွန်းနေတဲ့ အမွှေးနံ့သာတွေ... ။ ဘေးဘီဝဲယာကို ကြည့်မိတော့ အငွေ့တလူလူထနေတဲ့ မီးခွက်။ ပြီးတော့ ရွှေချည်နဲ့ပြုလုပ်ထားတဲ့ ပန်းထိုးပန်းချီကားကြီး တစ်ချပ်။ ရွှေအဆင်းနဲ့ အဖြူရောင်ကျားကြီးမှာ ပန်းချီကားထဲမှ ထွက်ကာ ခုန်အုပ်တော့မည့်အတိုင်း အသက်ဝင်လွန်းလှသည်။
" ဘာအကြောင်းကိစ္စရှိရှိ ဒီလက်စွပ်ကို ကိုယ်နဲ့မကွာ ဆောင်ထား... "
" မင်းမှာ ငါရှိတယ်ဆိုတာကို မမေ့လိုက်ပါနဲ့ ဟွန်း။ "
" ဘာအကြောင်းကိစ္စရှိရှိ ဒီလက်စွပ်ကို ကိုယ်နဲ့မကွာ ဆောင်ထား... "
" မင်းမှာ ငါရှိတယ်ဆိုတာကို မမေ့လိုက်ပါနဲ့ ဟွန်း။ "
သူဘယ်နေရာရောက်နေလဲ ဆိုတာကို မခန့်မှန်းနိုင်သေးခင် နားထဲမှာ ပဲ့တင်ထပ်လာတဲ့ ထိုစကားသံတွေ။
ဂင်မ်... ။
မက်မွန်ပင်ကြီးနဲ့ ချောက်နက်ကြီး...
တောင်ထိပ်ပေါ်က စံအိမ်တော်...
အရောင်ဝါတွေ တဖိတ်ဖိတ်တောက်နေတဲ့ ကျားကြီး...ပြီးတော့ မူးယစ်စရာကောင်းတဲ့ မျက်လုံးဝါဝါတွေ ... ။
အရာအားလုံးက အိပ်မက်လိုလို ထင်နေရပေမယ့် သူ့ရဲ့ဘယ်ဘက် လက်ညိုးက ကျားစွယ်သဏ္ဍာန်ပုံစံလေးပါတဲ့ လက်စွပ်က အိပ်မက်မဟုတ်ကြောင်း သက်သေပြနေသလိုပင်။
ဆယ်ဟွန်း အားယူကာ မတ်တပ်ထရပ်ပြီး အခန်းအပြင်ဘက်သို့ ထွက်ခဲ့သည်။ တံခါးဝမှာရေးထားသည်က " တောင်ပိုင်အရှင်ကြီးဂင်မ်၏နတ်ကွန်း " ။
သူနန်းတော်ထဲကို ရောက်နေခဲ့တာပဲ။ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ရောက်တာဆိုပေမယ့် ၁၀ နှစ်ကျော် နေခဲ့ဖူးတဲ့နေရာကို အလိုလိုရင်းနှီးနေသည်။
နတ်ဆရာမတွေသာ ရှိသည့် ထိုအဆောင်ဘက်က ထွက်လာလိုက်တော့ ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ နန်းတွင်းသူတွေ။ နတ်ကွန်းထဲက ဖရိုဖရဲ ပြေးထွက်လာတဲ သူ့ကို ထူးဆန်းသလို ဝိုင်းကြည့်ပြီး ကြောက်ရွံ့နေကြသည်။