ဆယ်ဟွန်း ဂင်မ်ကို ဥယျာဥ်တစ်လျှောက် နှံ့အောင်လိုက်ရှာပါသေးသည်။ ခြေတိုအောင် လိုက်ရှာပေမယ့် ဘယ်လိုမှမတွေ့တော့တဲ့ အဆုံးမှာတော့ အခန်းရှိရာကိုသာ ပြန်လာခဲ့သည်။
ထိုအခါမှ အခန်းထဲမှာထိုင်ပြီး စာဖတ်နေသော ဂင်မ်ကို တွေ့သည်။ သူဝင်လာတာကို မြင်ပေမယ့် ဘာမှမသိသလို စာဆက်ဖတ်နေဆဲ။ နှစ်ယောက်အခန်းကျယ်ထဲမှာ လေထုက အေးစက်စက်။
" နေပါဦး။ ငါ့ခင်ပွန်းဆိုတဲ့ လူကြီးရဲ့။ မောင်မင်းက ဘယ်လိုလုပ်ပြီး ငါ့ခင်ပွန်းဖြစ်လာရတာလဲ။ ငါက မောင်မင်းနဲ့ ဘယ်တုန်းက လက်ထပ်လိုက်လို့လဲ။ "
ဆယ်ဟွန်းရဲ့ ငေါ့တော့တော့စကားအဆုံးမှာ ခပ်လှမ်းလှမ်းမှာ ထိုင်နေရာမှ ရှေ့တည့်တည့်ကိုရောက်လာတဲ့သူ။ လှုပ်ရှားမှုတွေပဲ မြန်ဆန်လွန်းတာလား။ ဖြတ်ကနဲအချိန် အတောအတွင်းမှာ ဂင်မ်က သူနဲ့မျက်နှာချင်းဆိုင် ရှေ့တည့်တည့်ကိုရောက်လာခဲ့တာ။
" အခုလက်ထပ်လိုက်လို့ ရတာပဲ။ "
ပါးချိုင့်တစ်ဖက်ပေါ်လာအောင် ပြုံးရင်းဆိုလာသည်။ ဆယ်ဟွန်းမသိမသာ သက်ပြင်းချလိုက်ရင်း...
" ဘာလို့ ငါ့ကိုမှ ဒီလိုတွေလုပ်နေတာလဲ။ "
" မြတ်နိုးလို့... "
သူ့ကို ငေးစိုက်ကြည့်နေတဲ့ မျက်လုံးဝါဝါတွေက ရူးချင်စရာကောင်းလောက်အောင်ပဲ ဆွဲဆောင်မှုရှိနေသည်။ တစ်ခုခုက ညှို့ငင်ထားသလိုမျိုး အကြည့်မလွှဲနိုင်ခဲ့။
" ... "
" ငါမင်းကို မြတ်နိုးတယ် ဟွန်း... စစတွေ့တဲ့အချိန်တည်းကပဲ။ "
သူ့လက်တွေကို လာဆုပ်ကိုင်တဲ့အချိန်မှာတော့ သတိထားပြီး ရှောင်လိုက်မိသည်။
" စတွေ့တဲ့ညက မင်းရဲ့ဒဏ်ရာက အရမ်းပြင်းတာကြောင့် မတတ်သာဘဲ ငါမင်းကို ငါ့ရဲ့သွေးတိုက်ခဲ့ရတယ်။ ငါတို့နှစ်ယောက်တည်း သုံးညတိုင်လည်း တူတူဖြတ်သန်းပြီးပြီ။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ကိုယ်စားပြုတဲ့ မင်္ဂလာခေါက်ဆွဲလည်း အတူတူစားပြီးပြီ။ တရားဝင် လက်မထပ်ရသေးပေမယ့် လက်ထပ်ပြီးပြီလို့ ပြောလို့ရတဲ့ အခြေအနေပဲ။ "