" ဒဏ်ရာက ပျောက်ခါနီးပြီပဲ... "
ဂင်မ်က ခါးက ဒဏ်ရာကို ဆေးထည့်ပြီး ပတ်တီးပြန်စီးပေးနေရင်း ပြောသည်။ ဆယ်ဟွန်းလည်း ထောက်ခံသလို ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း အင်္ကျီပြန်ဝတ်လိုက်သည်။ ဒီရက်ပိုင်းအတွင်း ဂင်မ်က နည်းနည်းအကဲပိုနေသလိုပင်။ အနားက မခွာဘဲ ဘေးမှာကော်လို ကပ်နေတတ်သည်။
ဟိုနေ့ည ကိစ္စပြီးတည်းက ဆယ်ဟွန်း ဂင်မ်နဲ့ စကားများများ မပြောဖြစ်။ အနားမှာ ရှိနေရင်တောင် မသိချင်ယောင်ဆောင်နေမိတာက များသည်။ ခါးခါးသီးသီး ငြင်းဆန်ထားပြီးမှ သူ့အနမ်းတွေဆီက ရုန်းမထွက်နိုင်ခဲ့တဲ့အကြောင်းကို ကိုယ့်ဘာသာကိုယ်တောင် ပြန်မတွေးချင်သောကြောင့်ပေ။
အပေါ်ရုံကို သေချာပြန်ဝတ်နေတုန်း ဂင်မ်ဆီက စကားသံကြောင့် လှည့်ကြည့်လိုက်သည်။
" အပြင်သွားချင်လား။ "
မထင်မှတ်ထားသော မေးခွန်းကြောင့် ဆယ်ဟွန်းမျက်လုံးအစုံတို့ ပြူးကျယ်သွားရသည်။ ဂင်မ်က သူ့ကို စံအိမ်အပြင်ကို သွားဖို့ မေးနေတာလား။
ဝမ်းသာစိတ်နဲ့ ခေါင်းကို အဆတ်မပြတ်ငြိမ့်ပြမိတော့ ဂင်မ်က ခေါင်းငုံ့ပြီး ခိုးရယ်သည်။
" ဟွန်း... "
သူ့ကို လှည့်ကြည့်လာသည့် အခိုက်တန့်မှာပဲ မျက်လုံးတွေရဲ့ စွဲညို့မှုကြောင့် ခွေခွေလေး လဲကျသွားသည်။ ကြမ်းပြင်ပေါ်မကျခင် အလျင်အမြန် ဆွဲပွေ့လိုက်လို့ တော်သေးသည်။
ထို့နောက် ဆယ်ဟွန်းကို ပွေ့ချီကာ ဂင်မ် စံအိမ်တော်၏ အပြင်ဘက် တောင်အောက်ကို ဆင်းလာခဲ့တော့သည်။
-----------------------
" ဆယ်ဟွန်း... ဆယ်ဟွန်း... "
ခေါ်သံတစ်ခုနဲ့အတူ ဆယ်ဟွန်းသတိရလာတော့ မြို့တော်ထဲမှာ ရောက်နေပြီ။ သိပ်မဝေးတဲ့နေရာမှာ မြို့တော်စျေးကိုလည်း လှမ်းမြင်နေရသည်။
နောက်ဆုံးမှတ်မိတာ သူ့ဒဏ်ရာကို ဆေးထည့်နေတာ။ ပြီးတော့ ပြန်သတိရလာတော့ မြို့တော်ထဲရောက်နေတာပါပဲ။
" ဘာတွေတွေးနေတာလဲ ဟွန်းလေး... "
အိပ်မက်များလားဟု တွေးနေမိပေမယ့် ဘေးမှာရှိနေတဲ့လူကြောင့် အိပ်မက်မဟုတ်မှန်း သိလိုက်သည်။