- 7 -

1.2K 182 42
                                    

Unicode

ဒီရက်ပိုင်းတွေထဲ ဟီဆွန်း စိတ်တွေ ဂယောက်ဂယက်ဖြစ်လို့နေသည်။ မြင်နေရသမျှ ဘယ်အရာကိုမှ အလိုမကျ။

စာအုပ်စီစီရီရီတို့က တန်းစင်ပေါ်တွင် အစဉ်လိုက် စီထားကာ စာအုပ်နောက်ဘက်တိုင်း၌ ရေးသူနှင့် စာအုပ်နာမည်ကို စီစဉ်ထားသည်။ သစ်သားတန်း စာအုပ်စင်၏ အောက်ခံတန်းတွင်မူ စာအုပ်၏ အစ စကားလုံးကို A မှ Zအထိ ရေးမှတ်ထားသည်။ စာကြည့်တိုက်ဆိုသည့်အရာသည် အရာအားလုံး စေ့စပ်သူ အီဟီဆွန်းအတွက်တော့ သဘောအတွေ့ဆုံးနေရာပင်ဖြစ်သည်။ တိတ်ဆိတ်သည်ထက် အကန့်လိုက်စီထားသော စာအုပ်တို့နှင့် စာအုပ်ရနံ့သင်းသင်းတို့က သူ့အတွက် စိတ်ကြည်လင်စေသော အရာသာဖြစ်သည်။ ထို့ကြောင့်လည်း ဟီဆွန်းက စာကြည့်တိုက်ထိ တကူးတက လာပြီး စာလုပ်ဖြစ်သည်။

ဒီနေ့အဖို့မူ သူ မည်သည့်အရာကိုမှ သဘောမကျ။
သူ့ရှေ့စားပွဲတွင် ရှိနေသည့် laptop သည် ခါတိုင်းနေ့ထက် စက်လေးနေသလို၊ နောက်ကျောဘက်တွင် ရှိနေသည့် စာအုပ်စင်တို့သည် ဒီနေ့မှပဲ ရွဲ့စောင်းနေသလို၊ အမြဲလူရှင်းနေကျဖြစ်သည့် စာကြည့်တိုက်သည် ဒီနေ့မှပဲ စိတ်ကျဉ်းကျပ်စရာ‌ကောင်းလောက်အောင် မှန်လုံအိမ်ထဲရောက်နေသကဲ့သို့ တိတ်ဆိတ်နေသယောင်၊ အေးစက်နေသည့် အခန်း အပူချိန်သည် ဒီနေ့မှပင် ပို၍အေးစက်ကာ ဝင်ရိုးစွန်းသို့ ရောက်နေသယောင်။

ဟီဆွန်း မျက်ခုံးတွေကို တွန့်ချိုးထားသည်။ သူ့လက်ချောင်းတွေအောက်က ကီးဘုတ်သည် ခပ်ကြမ်းကြမ်းရိုက်ခတ်ခံနေရမှုကြောင့် တဗျောက်ဗျောက်မြည်သံဟာ စာကြည့်တိုက်တခွင် ပျံ့လွင့်နေသည်။

ဟီဆွန်းက ကီးဘုတ်ပေါ်က လက်ချောင်းတွေကို ခပ်မြန်မြန် ရိုက်နေရင်းမှ ဖြောင်းခနဲ တစ်ချက်ချလိုက်ပြီး laptopတင်ထားရာ ကျွန်းစားပွဲကို လက်သီးဖြင့်ထုချလိုက်သည်။ ကျွန်းစားပွဲမှာ ထူသည့်အပြင် ပြောင်နေအောင် တိုက်ထားသည့် ပေါ်လစ် ကွာလတီကြောင့် အားဖြင့် ထုချလိုက်သော်ငြား အသံသည် ဟိန်းထွက်မသွား။ ဟီဆွန်း ဘာကိုဖြစ်လို့ ဖြစ်မှန်းမသိ၊ ဒေါသက အလိတ်လိုက်တက်လာသည်။

Run Away [ heewon ]Where stories live. Discover now