- 14 -

1.2K 154 12
                                    

Unicode


ဖေဖော်ဝါရီ လ၏ အစောပိုင်းအချိန်ဖြစ်သည်။
အအေးဆုံး ဇန်နဝါရီလ ကုန်သွားနှင့်ပြီ ဖြစ်သော်ငြား ဆောင်းကုန်ခါနီး နောက်ဆုံးလလည်း ဖြစ်ပေရာ အရင်‌လ လောက် မအေးခဲတော့သည့်တိုင် အရင်လ၏ လက်ကျန် အအေးရှိန်က မသေးလှသေး။
နှင်းခေါင်းလောင်းပန်းတို့၏ အခြေ၌ နှင်းခဲဖွေးဖွေးတို့မှာလည်း အရည်ကြည်လဲ့လျက် ပျော်တဝက် ခဲတဝက်။

နွေးထွေးသော အိမ်ရှေ့မျက်နှာစာ ခန်း၌ စိတ်ပျက်လက်ပျက်နှင့် သူ ထိုင်နေမိသည်။
ဤနေရာ၌ ထိုင်နေမိသည်မှာ အချိန်မည်မျှ ကြာညောင်းသွားခဲ့ပြီ မသိ။ မီးလင်းဖိုမှ မီးရောင်က သူ၏ ညစ်တူးလှစွာသော မျက်နှာကို ထင်းထင်းလင်းနေစေသည်။ ဆိုဖာပေါ်ထက်မှ နွမ်းလျလျ သူက အရက်ပုလင်းအား ကိုင်လျက် သူ့ရှေ့၌ ရှိနေသည့် ကလေး ၂ယောက်အား မျက်တောင်မခတ် ကြည့်နေသည်။ မကြာသေးခင် အချိန်က ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်တို့အား သူလက်ခံနိုင်စွမ်းမရှိသေးပါပေ။

အရက်တစ်ငုံအား မော့ချလိုက်သည်။
ပြင်းရှရှ အရသာက လည်ချောင်းတွင်း၌ ပူကျစ်ကာ ထုံကျင်သွားလျက်၊ ထိုမှတဆင့် ရင်ဝအားဖြတ်ကာ ဝမ်းတွင်းသို့ ဆင်းလေလျှင် အက်ဆစ်တမျှ ပူလောင်လှသည့် အရက်ကြမ်း၏ အရသာကို မျက်နှာရှုံ့လျက် ကြိတ်မှိတ်ခုခံရပြန်၏။ သို့သော်လည်း ထိုအပူက သူ့ရင်တွင်းအပူမီးဒဏ်အား မီနိုင်စွမ်းမရှိပေ။

သူ့ရှေ့၌ သားဖြစ်သူက ကြမ်းပြင်ထက်ရှိ အနှီးထုပ်တွင်း၌ ကလေးအား အသည်းတယားယားဖြင့် တရှိုက်မက်မက် ပြုံးစိစိကြည့်နေသည်။ ဟီဆွန်းက ထက်မြက်လွန်းသူဖြစ်သည်၊ ၃နှစ်သားပင် ရှိသေးသည့်တိုင် ပါးပါးနပ်နပ် ရှိလှသည်။ လူကြီးတစ်ဦး၏ အပြုအမူကဲ့သို့ သူ၏ လက်ချောင်းလေးများအားလည်း မျက်လုံးစုံမှိတ်ကာ အိပ်မောကျနေသည့် ကလေး၏ လက်သေးသေးလေးကြားထဲ ထည့်ထား၏။ ထိုကလေးက သူ၏ လက်ကြားထဲရှိ လက်ညှိုးလေးအား ဆုပ်ကိုင်ထားသည်။ ရာသီဥတုက ချမ်းအေးနေသည့်တိုင် ထိုကလေးက မီးလင်းဖိုရှေ့၌ နွေးနေဟန်တူသည်။ ပါးလေးများက ရဲကာ ဝင်းမွတ်နေပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ထားပုံမှာ မာနနှင့်များ မွေးဖွားလာလေသလားဟု ထင်မှတ်ရသည်။

Run Away [ heewon ]حيث تعيش القصص. اكتشف الآن