- 12 -

1.5K 173 109
                                    

Unicode


ဘူချွန်မြို့အလယ်၌ ကားလေးသည် အရှိန်ခပ်မှန်မှန်သာ ရွေ့လျက်။

မီးရောင်တလက်လက်ဖြင့် ဆူညံလှပနေသည့် မြို့ပြ ညခင်းကို ဖြတ်လျက် တိတ်ဆိတ်၍ အေးငြိမ့်လှသော အဝေးပြေးလမ်းမဆီ ရောက်လာကြပြီဖြစ်သည်။ ကားအတွင်း၌ တိတ်ဆိတ်မှုက ကြီးစိုးနေရာ အဲကွန်းမှ ထွက်သည့် လေသံညင်းညင်းနှင့် လက်ကိုင်ဖုန်းဆီမှ တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် လမ်းညွှန်အချက်ပြသံကိုသာ ကြားနေရသည်။

ဟီဆွန်းက မျက်ခုံးကို ကြုံ့ကာ ရှေ့သို့သာ ရှူတည်တည် စိုက်ကြည့်လျက် မြို့ပြင်လမ်း တောက်လျှောက်၌ ကားကိုအားရုံစိုက်မောင်းနေသည်။ လောလောလတ်လတ် ဖြစ်ပျက်ထားသော အရာတို့သည် သူ၏ရင်ကို အစိမ်းရှင်ရှင် ခွဲလေသကဲ့သို့ နာကျင်လေလျှင် ထိုအဖြစ်အပျက်တို့ကို မတွေးမိအောင် ကားလမ်းတစ်ခုတည်း၌ အာရုံကိုစူးစိုက်ထားမိ၏။

ဂျောင်ဝန်းမှာတော့ တဖက်ထိုင်ခုံ၌ အသံတိတ်ကာ မှန်တံခါးသို့မီလျက်။ အစ်ကိုဖြစ်သူ ခြုံပေးထားသည့် ဂျာကင်ကလည်း သူ့ကိုယ်ပေါ်၌ အလွှားလိုက်။ မျက်ရည်စီးကြောင်းများသည် ပါးပြင်တလျှောက်၌ ခြောက်ကပ်လျက်၊ တစ်ချက်တစ်ချက်၌မူ လက်ကျန်မျက်ရည်တို့ တစ်ပေါက်စ နှစ်ပေါက်စ စီးကျလာလေလျှင် ထိုခြောက်ကပ်သော နေရာတို့၌ စေးကပ်ကပ်ဖြစ်နေ၏။

ခေါင်းမူးပြေသွားခဲ့ပြီဖြစ်သော်ငြား စိတ်ထဲ၌ ရှုပ်ထွေးလျက် ထိုနေ့က အဖြစ်အပျက်တို့ကို ပြန်မြင်ယောင်နေသည်။ တစ်ချက်တစ်ချက်၌ စိတ်တိုလာမိသလို ဝမ်းနည်းလာမိသလို ကြောက်၍လာမိသလို ခံစားချက်တို့က ရောပြွန်းနေ၏။ ရွေ့လျားမှုကင်းမဲ့နေသည့် မျက်လုံးသေတို့က တရွေ့ရွေ့ ဖြတ်ကျော်သွားသည့် လမ်းမီးတိုင်တို့ကိုသာ ငေးလျက်။ ရံဖန်ရံခါ၌မူ တဖက်လမ်းမှ ကားတစ်စီးစ နှစ်စီးစ သည်လည်း မြင်ကွင်းထဲပေါ်လာတတ်သေးသည်။

ဂျောင်ဝန်းက အသံဆိတ်နေရာမှ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်။

"ဘာလို့... ဘာလို့ လိမ်ခဲ့တာလဲ"

သူ့အသံက အက်ကွဲ‌‌နေလျက် ခပ်တိုးတိုး။

Run Away [ heewon ]Where stories live. Discover now