- 11 -

1.2K 179 24
                                    

Unicode

မတိုးလွန်းမကျယ်လွန်းလှသော ဝိုးတဝါးဆူညံသံတို့က ဝန်းကျင်တစ်ဝိုက်၌ ပျံ့လွင့်နေသည်။ မည်သည့်အကြောင်းအရာများကို မည်သူတို့ မည်သို့မည်ပုံ ပြောဆိုနေကြမှန်း ရိပ်ဖမ်းမရလောက်အောင်ပင် သူ၏ အာရုံတို့က အခြားနေရာသို့ပျံ့လွင့်နေသည်။ ရှေ့၌ လောလောလတ်ချထားသည့် ကော်ဖီပူပူသည် အငွေ့တထောင်းထောင်းထလျက် ဘေး၌ ဝန်းရံထားသည့် အငွေ့အသက်သည်လည်းကောင်း၊ ရာသီဥတုသည်လည်းကောင်း လောင်မြိုက်မှုသည် အဟိတ်ဟိတ်ထလျက်။

နေပင်မထိုးနိုင်လောက်အောင် မိုးသားတိမ်လိတ်တို့က ဖုံးအုပ်နေသော်ငြား မိုးသည်လည်းမရွာသလို ရာသီဥတုမှာလည်း အလုံပိတ် ဖန်လုံအိမ်ထဲ ထည့်ထားသကဲ့သို့ ပိတ်လှောင်ကာ အိုက်စက်နောက်ကျိနေသည်။ ဟီဆွန်းက ဖုန်းကိုဖွင့်ကြည့်ပြီး သက်ပြင်းကို ဆွဲဆွဲငင်ငင်ချသည်။

"ဂရုစိုက်နော်" ဆိုသည့် စာတစ်စောင်ဖြင့် အဆုံးသတ်ထားသည့် conversationလေးသည် ခြောက်ကပ်လျက် ဝမ်းနည်းစရာပင် ကောင်းသလို၊ သူ့အား လွမ်းစိတ်နှင့်အတူ မကျေမခဲစိတ်ကိုပါ ထပ်တိုးလှုံ့ဆော်ပေးနေသည်။ လွမ်းရသည်မှာ ၆ ရက်တိုင်ခဲ့ပြီဖြစ်သည်။ ဖြစ်နိုင်လျှင် ယခုပင်လျှင် ထပြေးပြီး သွားဖက်ထားဖို့ စဉ်းစားမိသည်အထိ သူ၏ နှလုံးသားနှင့် ဦးနှောက်တို့မှာ ထိုမျှ တင်းကြပ်နေခြင်းဖြစ်သည်။

သူ့ဘဝ၏ အိုအေစစ်လေးမရှိသော နေ့ရက်များသည် တစ်လောကလုံးအား မှိုင်းထိုင်းသွားစေသည့်အလား ၊ သူ့ကမ္ဘာ၌ အရောင်အသွေးနှင့် အစိုဓာတ်များပင်လျှင် ကုန်ခမ်းလျက် အလိုမကျသော စိတ်တို့ဖြင့် သူ့အားတစ်နေ့တစ်နေ့ ရူးသွား‌စေနိုင်ဖို့ပင်  ပြုစားနေသကဲ့သို့ရှိသည်။ ကော်ဖီခွက်အား စိုက်ကြည့်နေသော မျက်လုံးတို့၌ ငယ်ငယ်၏ ပါးချိုင့်သေးသေးလေးများနှင့် ကြည်လဲ့တောက်ပနေသော မျက်ဝန်းတို့ကိုသာ မြင်နေလျက် ‌လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသော ကော်ဖီခွက်၏ အနွေးဓာတ်ကလေးမှာမူ သူအကြိမ်ကြိမ်ဆုပ်ကိုင်ဖူးသည့် ငယ်ငယ့်ပုခုံးကျယ်ကျယ် နှင့် လက်သွယ်သွယ်လေးများလောက်ပင် မနွေးကြောင်း ကောက်ချက်ချမိသည်။

Run Away [ heewon ]Where stories live. Discover now