- 13 -

1.2K 171 15
                                    

Unicode

ညနေစောင်းဖြစ်သည့်အလျောက် ကျ နေ က အနွေးဓာတ်လျော့လာပြီဖြစ်ရာ ကြည်လဲ့လဲ့ ကောင်းကင်ပြာသည်လည်း ရွှေအိုရောင် သမ်းစ ပြုလာပြီဖြစ်သည်။ အောက်တိုဘာလလယ် ဆောင်းဦးဖြစ်သည်မို့ ရာသီဥတုသည် သိပ်အေးလှသည် မဟုတ်သော်ငြား လေပြေသဲ့သဲ့က တချက်တချက်တော့ စိမ့်သွားအောင်ပင် တိုးတိုက်တတ်သည်။

ကျောင်းပြန်ချိန် နောက်ကျသည်ဖြစ်၍ အပြန်လမ်းတစ်လျှောက်၌ လူရှင်းနေ၏။ ယနေ့၌ အဖေဖြစ်သူက မအားလပ်သည်ဖြစ်၍ ကိုကိုက လာကြိုသည်။ ကိုကိုနှင့်သူသည် အနေစိမ်းသက်သူများ မဟုတ်သော်ငြား ယနေ့၌မူ အသက်ရှူသံနှင့် ခြေသံတလျှပ်လျှပ်သာ ကြားရသည်အထိ ထူးခြားစွာ တိတ်ဆိတ်နေ၏။ ရံဖန်ရံခါ၌ အနားမှ ဖြတ်သွားတတ်သည့် စက်ဘီးသံနှင့် ကားသံအချို့မှလွဲရင် သူတို့ကြား၌ တိတ်ဆိတ်မှုက ကြောက်စရာကောင်းလောက်အောင်ပင် ကြီးစိုးနေသည်။

ကျော၌လွယ်ထားသည့် လွယ်အိတ်မှ တွဲလောင်းကျနေသော လွယ်အိတ်ကြိုးကို တင်းတင်းဆွဲထားလျက် ဘေးချင်းယှဉ်ကာ ‌ဖြည်းဖြည်းချင်းလျှောက်နေသည့် အစ်ကိုဖြစ်သူကို မကြည့်ဘဲ လျှောက်လှမ်းနေသည့် ခြေထောက်တွေဆီသာ ငေးရင်း ခြေလှမ်းတို့ကို ဘယ်ညာထပ်တူကျရန် လိုက်တုနေမိသည်။ စိတ်ထဲ၌လည်း ဘယ်ညာ ဘယ်ညာဟု ရွတ်မိသေးသည်ထင်သည်။ သူ့စိတ်တို့သည် ဗလာဖြစ်နေသလိုလို၊ ရှုပ်ထွေးနေသလိုလို မထင်ရှား။ သို့သော်ငြား သူဒီအခြေအနေကို မနှစ်မြို့သည်မှာတော့ ရေရာသည်။ အစ်ကိုဖြစ်သူဘေး၌ရှိနေရခြင်းအပေါ် ကျဉ်းကျပ်သည်ဟု ခံစားနေရသည်မှာ အချိန်တစ်ခုကြာခဲ့ပြီ။ ကိုကို့၏ အပြုအမူ၊ ဖြစ်တည်မှုတစ်ခုချင်းဆီတိုင်းက သူ့အတွက် မွန်းကျပ်စရာပင်။ ခါတရံ၌ ခေါင်းကိုပုတ်လိုက်သည့်အခါ၌ ဖြစ်စေ၊ စာလုပ်နေချိန် နောက်မှ ခိုးနမ်းသွားသည့်အခါ၌ဖြစ်စေ ပုံမှန်ဖြစ်ရပ်လေး၌ပင်လျှင် အတိုင်းမသိ တုန်လှုပ်၍ကျန်ခဲ့စမြဲ ဖြစ်သည်။

"ငယ်ငယ် ခဏ"

ပုခုံးထက်မှ အထိအတွေ့ကို ခံစားလိုက်ရသည်နှင့် ဂျောင်ဝန်း ခေါင်းကိုမော့လျက် ဘေးဘက်ဆီ လှည့်ကြည့်လိုက်သည်။ ကိုကိုက ပုခုံးပေါ်က လက်ကိုဖယ်ကာ ရှေ့သို့ ခပ်လှမ်းလှမ်းသို့လျှောက်သွားသည်။ ထို့နောက် နေရာတစ်ခု၌ ရပ်လျက်။

Run Away [ heewon ]Место, где живут истории. Откройте их для себя