[Unicode]
မရေရာသော လက်ချောင်းများက ပြဒါးရံ၏ ပုခုံးကိုတွန်းထုတ်နေခဲ့ကာ ခန္ဓာကိုယ်ချင်းဝေးသွားအောင် ပြုမူနေခဲ့သည်။ မကြာလွန်းသောအချိန်အတိုင်းအတာတွင် သူတို့နှစ်ယောက်၏ အကွာအဝေးက ကြားတွင်လူသုံးယောက် ဝင်ထိုင်နိုင်သည့်အထိ ကန့်သတ်ခြင်း ခံလိုက်ရသည်။ ပြဒါးရံထံမှ ထုတ်လွှင့်နေသော အလိုမကျသောမျက်နှာထားနှင့် ဆာလောင်နေသော စူးစူးရဲရဲအကြည့်တို့ကို လျစ်လျူရှု၍ တိမ်ယံဆင့်ခဗျာ ပြတ်လတ်သွားသော အောက်စီဂျင်ကို ပြန်လည်ဖြည့်သွင်းနေရလေသည်။
အခြေအနေကို ပြန်လည်တည်ငြိမ်အောင် ထိန်းညှိပြီး တိမ်ယံဆင့်က ဒေါသထွက်စေနိုင်သည့် အကြောင်းအရာတစ်ခုကို သတိရသွားဟန်တူလေသည်။ မျက်နှာထားတည်တည်ဖြင့် ကြောက်မက်ဖွယ် အကြည့်လှိုင်းများက ရုပ်ရှင်ထဲက မာဖီးယားတစ်ယောက်နှင့်တောင် ဆင်တူလွန်းနေခဲ့သည်။ သို့သော် ဤမျှချောမောသော မာဖီးယားလေးအား ဘယ်မှာများရှာတွေ့နိုင်မည်တဲ့လဲ။ ပြဒါးရံတစ်ယောက် တိမ်ယံဆင့်၏ရုတ်ချင်းပြောင်းလဲသွားသော အမူအယာအား မှင်သက်နေမိခဲ့သည်။ တစ်ခါတစ်ရံနာခံတတ်ပြီး ရံဖန်ရံခါ အရှိန်အဝါကြီးမားနေမှုများက မရိုးနိုင်သည့် တိမ်ယံဆင့်၏ ဆွဲဆောင်အားကောင်းနေမှုများပင်ဖြစ်သည်။ မည်သည့်အသွင်ကို ဖြစ်စေပြဒါးရံအတွက်တော့ တန်ဖိုးဖြတ်မရသည့် အစိတ်အပိုင်းများပင်။
" ကျွန်တော် ကျင့်သားမရသေးဘူး "
" ဆင့် ဘယ်နားနေမကောင်းလို့လဲ "
" အဲ့တာကိုပြောတာမဟုတ်ဘူး .....အရမ်းသိသာနေတဲ့ ကိုရံ့ရဲ့ရင်ခုန်သံတွေကို ကျင့်သားမရသေးဘူး။ ပြီးတော့ ......အဲ့အနမ်းတွေကောပဲ "
" ဒါဆို အလေ့အကျင့်ဖြစ်သွားအောင် ခဏခဏနမ်းပေးသင့်တာ မဟုတ်ဘူးလား "
ဖောက်ထွင်းသွားနိုင်သည့် အကြည့်များက ပြဒါးရံကိုယ်ပေါ်ကျရောက်လာခဲ့ပြီး အကြောက်တရားကို တတိတိကိုက်စားနေခဲ့သည်။
" ကောင်းပြီ ကောင်းပြီ.... စောစောကနမ်းလိုက်တာကို ဆင့်မကြိုက်ဘူးဆိုရင် ကိုယ်တို့နောက်ဆိုဖြေးဖြေးချင်းပဲ သွားကြတာပေါ့ "
YOU ARE READING
Hate Poem Written With Love࿐
Fantasyရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒူးထောက်လာအောင် ပြုစားနိုင်တယ်။ " " မင်းဟာလေ.....အကြည့်တစ်ချက်နဲ့ ကိုယ့်အသိစိတ်ကို လောင်ကျွမ်းစေနိုင်...