Unicode :
I wrote this for one of my clients ❤️
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့ရင်ပေါ့...
သူ့ကိုသာ နွေးနွေးထွေးထွေးလေး ပွေ့ဖက်ထားနိုင်ခဲ့ရင် အရာအားလုံးအဆင်ပြေနေမလား။
" အိမ်ရှေ့စံ.... ခေါ်ဆောင်လာခဲ့ပါပြီ "
ပန်းနုရောင်ဝတ်စုံလေးနဲ့အိမ်ရှေ့စံသည် လက်နောက်ပစ်ရပ်နေရင်းနဲ့မှတဖြည်းဖြည်းလှည့်လာရင်း ဒူးထောက်လျက်အနေအထားနဲ့ကောင်လေးအား ကြည့်လာသည်။
" မဆိုင်သူတွေ သွားလို့ရပြီ "
" အမိန့်တော်အတိုင်းပါ အိမ်ရှေ့စံ "
အထိန်းတော်ကြီးနှင့် အခြားသောအခြွေရံတို့အဝေးသို့ရောက်သွားလောက်ပြီဆိုမှ အိမ်ရှေ့စံငယ်သည် ချက်ချင်းပဲမျက်စိရှေ့ကကောင်ငယ်လေးရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း ကောင်လေးအား စူးစမ်းသလိုအကြည့်တွေနဲ့ကြည့်နေလိုက်သည်။ အပြာရောင်ဝတ်စုံလေးနဲ့ကောင်ငယ်လေးသည် သူ့အားမော်ကြည့်ရဲမယ်မထင်။ ခပ်သေးသေးလက်လေးတွေထဲတွင်လည်း ပန်းချီနဲ့ဆိုင်တဲ့ပစ္စည်းကိရိယာလေးတွေကိုင်ထားသေးသည်။
" ကိုယ်တော့်ကို မော့ကြည့်ပါဦး "
အမိန့်မမည်သော တောင်းဆိုသံချိုချိုလေးဖြင့်ပြောလိုက်တော့ ကောင်ငယ်လေးဟာချက်ချင်းပဲမော့ကြည့်လာသည်။ ကြယ်လေးတွေအများကြီးတည်ရှိနေပါသော မျက်ဝန်းတစ်စုံနှင့်ဆုံလေသောအခါ အိမ်ရှေ့စံလေးသည်သဘောကျစွာပြုံးရယ်လိုက်သည်။ ကောင်ငယ်လေး၏ဆံပင်ခပ်တိုတိုလေးတွေအား သူ့လက်လေးနှင့်ဖွပေးမိတော့ ကောင်လေးဟာသူ့အပေါ်ကြောက်ရွံ့နေမှုတွေလျော့သွားသလိုနဲ့ ပြေပြေလေးပြုံးလိုက်ပြီးမှ ယုန်သွားလေးနဲ့ချွတ်စွပ်တူပါသော ရှေ့သွားလေးတွေပေါ်လာသည်အထိပြုံးတော့သည်။
" ဂျောင်ဂုရေ မင်းဒီအတိုင်းဆို ပုရွက်ဆိတ်လေးကိုတောင် သတ်နိုင်ပါ့မလားကွာ "
အိမ်ရှေ့စံသည် ဓားရေးလေ့ကျင့်ရာတွင်အသုံးပြုသော ဓားပုံသဏ္ဌာန် ဓားအစားထိုးသစ်သားချောင်းအား မြေပြင်ပေါ်ပစ်ချလိုက်ရင်း စိတ်မကြည်စွာပြောသည်။ ဂျောင်ဂုငယ်သည်လည်း သူ့အမှားသူသိသွားတာမို့ ခေါင်းလေးအသာငုံ့ရင်းသာ ပြောသမျှခံဖို့စောင့်နေလေသည်။ တကယ်တော့ သူ့အနေနဲ့တိုက်ခိုက်အရေးကိုလုံးဝစိတ်မပါ။ သူစိတ်ဝင်စားသည်က ပန်းချီဆွဲခြင်းတစ်ခုတည်းပင်။ သို့ပေမယ့် အိမ်ရှေ့စံ၏အရုပ်ကလေးသူသည် မည်သို့မျှအာဏာဖီဆန်နိုင်မည်မဟုတ်။ ငယ်ရွယ်သေးနုပ်သေးတာလည်းပါမည်။
" မင်းက ငါ့ကိုယ်ရံတော်ဖြစ်လာရမှာကိုကွာ တကယ်ပါပဲ "
စိတ်မကြည်သောအိမ်ရှေ့စံသည် ပြောနေရင်းမှခြေထောက်လေးတွေကိုလည်းမသိမသာဆောင့်နေတာမို့ ဂျောင်ဂုငယ်စိတ်မကောင်းဖြစ်နေရင်းမှပြုံးစိစိဖြစ်လာတော့သည်။ ပေါ်တင်လည်းမပြုံးလိုက်ရဲပါ။ အိမ်ရှေ့စံငယ်၏ အမျက်အား သူသေလောက်အောင်ကြောက်ပါသည်။ သေဆိုသေ ရှင်ဆိုရှင်ဘဝမို့ သိပ်ကိုကြောက်ပါသည်။
" ကျွန်တော်မျိုး အများကြီးပိုကြိုးစားမှာပါ အိမ်ရှေ့စံ "
ခေါင်းငုံ့ရင်းပြောနေရာကနေ အိမ်ရှေ့စံ၏မျက်နှာငယ်အား အကဲခတ်မိတော့မျက်စောင်းသေးသေးလေးနှင့်ကြည့်နေပြန်သည်။ ဂျောင်ဂုငယ်အလျင်အမြန်ပဲ ခေါင်းပြန်ငုံ့လိုက်မိတော့ အိမ်ရှေ့စံသည် အခြွေအရံများစွာနဲ့ လေ့ကျင့်ကွင်းထဲကထွက်သွားလေသည်။ လေ့ကျင့်ကွင်းအလယ်တွင် ကျန်ခဲ့သည်က သေးနုပ်လှသော ပန်းချီဆရာငယ်သာ။
________
" ကျစ် ! "
နှစ်ပေါင်းများစွာကြာပြီး ရာထူးတွေအသီးသီးရရှိနေပြီးတာတောင် ဓားရေးကျင့်စမြဲ။ အိမ်ရှေ့စံငယ်သည် နန်းတက်ပြီးသား ရှင်ဘုရင်ဖြစ်နေပြီဖြစ်သလို ဂျောင်ဂုငယ်သည်လည်း ရှင်ဘုရင်၏ ကိုယ်ရံတော်တစ်ယောက်ဖြစ်နေခဲ့ပြီ။ ဂျောင်ဂုသည် နှစ်များစွာအတွင်းဓားရေးအရာတွင် သိပ်ကိုကျွမ်းကျင်လာသည်။ တိုက်ရည် ခိုက်ရည်လည်း သူ့အားယှဉ်နိုင်တဲ့သူမရှိနိုင်လေအောင်ကို တော်လှသည်။ ရှင်ဘုရင်ထက်တောင် ခန္ဓာကိုယ်က နှစ်စထွားသည်မို့ ဂျောင်ဂုငယ်တွင် ပြောင်းလဲသွားမှုများဟာ များစွာ။
" ဓားကိုင်ထားပြီး ဘယ်တွေကိုစိတ်ရောက်နေတာပါလဲ အရှင် "
ဂျောင်ဂု၏ဓားသည် ရှင်ဘုရင်၏လည်ပင်းထက်တွင်အသင့်နေရာယူနေပြီမို့ ဒီပွဲတွင်လည်းရှင်ဘုရင်ရှုံးသွားခဲ့သည်။ အရင်လိုသေးနုပ်သောကောင်လေးမဟုတ်တော့သောဂျောင်ဂုကြောင့် ရှင်ဘုရင်မှာကောင်လေးနှင့်ယှဉ်လျှင် အရှူံးများခဲ့သည်။ ကောင်လေးသည် အရှုံးလည်းမပေးခဲ့ပါ။ တမင်ကိုမနိုင်နိုင်အောင်လိုက်ပြိုင်ခြင်း။ ကြည့်မရလိုက်တာ။
" တော်ပြီ တော်ပြီ ကိုယ်တော်မောလှပြီ "
ထိုအခါမှ ဓားအားပြန်သိမ်းရင်း ရေသောက်ဖို့ရန်ကမ်းပေးလာသော ဂျောင်ဂုအား ရှင်ဘုရင်မျက်စောင်းတစ်ချက်သာထိုးရင်း ရေအဝသောက်မိတော့သည်။ လေစီးကြောင်းအတိုင်းလွင့်နေသော ဂျောင်ဂု၏ဆံနွယ်ရှည်တွေသည် ရှင်ဘုရင်အတွက်ကြည့်ပျော်ရှုပျော်သိပ်ရှိလှသည်။ အရသာမရှိတဲ့ရေကိုတောင် အရသာခံ ဇိမ်ခံသောက်ရင်း ဂျောင်ဂုအားငေးကြည့်နေမိလောက်အောင်ကို ရှင်ဘုရင်စိတ်တွေလွတ်နေခဲ့သည်ကအမှန်။
" ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား အရှင် "
အခြေအနေအားရိပ်စားမိသွားသော ဂျောင်ဂုကြောင့် ရှင်ဘုရင်သည်ချက်ချင်းဆိုသလိုအကြည့်လွှဲလိုက်ရင်း ရေကိုပဲဆက်သောက်နေတော့သည်။ အကြည့်လွှဲလိုက်သော ရှင်ဘုရင်သည် ဂျောင်ဂု၏အပြုံးတွေကိုတော့မြင်လိုက်ပုံ
မရ။
" ပွဲဈေးသွားမလို့ လိုက်ခဲ့ပါဦး "
စာရွက်ခေါက်လေးထဲက လက်ရေးခပ်သော့သော့လေးအားမြင်တော့ ဂျောင်ဂုပြုံးလိုက်မိသည်။ ဝတ်နေကျကိုယ်ရံတော်ဝတ်စုံတွေအား လျစ်လျူရှုထားရင်း အသစ်ဝယ်ထားတဲ့ဝတ်စုံတွေထဲကလိုက်ဖက်မယ်ထင်တာတွေကို ရွေးထုတ်ရင်း သူနဲ့လိုက်မလိုက်တိုင်းကြည့်နေသည်က အချိန်တော်တော်ကြာ။
" ဒါလေးနဲ့ဆို ပိုခန့်သွားလောက်တယ် "
အနက်ရောင်ကိုမှ ပုံစံအဆန်းလေးနဲ့ဝတ်စုံလေးအား ရွေးထုတ်လိုက်ပြီးမှ ဆင်ယင်စရာရှိတာဆင်ယင်နေလိုက်သည်။ ဆံပင်ရှည်ကိုလည်း တစ်ဝက်စည်းလိုက်ပြီးမှ မှန်ထဲပတ်ပတ်လည်မြင်ရအောင်ကို လှည့်ပတ်ကြည့်နေပြန်သည်။ ပြီးမှသာ လက်စွဲတော်ဓားအားယူလိုက်ရင်း အဆောင်ငယ်ထဲကနေထွက်လာမိတော့သည်။ ရှင်ဘုရင်နှင့် တစ်ညတာလျှောက်လည်ဖို့အရေး ကိုယ်ရံတော်လေးမှာသိပ်ကိုအလုပ်ရှုပ်နေတော့သည်။
" လာလေ ဂျောင်ဂု...."
သွက်လက်နေသော ဂျောင်ဂုငယ်၏ခြေလှမ်းတို့သည် ဆုံမှတ်အရောက်တွင်ရပ်တန့်သွားရတော့သည်။ သူမထင်ထားခဲ့ဘူးလေ။ ရှင်ဘုရင့်ဘေးမှာ ဆိုင်သူပါနေလိမ့်မယ်လို့သူမထင်ထားခဲ့မိတာအမှန်ပါ။ ဘုရားပေးပေး ကျမ်းပေးပေး သူတကယ်မထင်ထားခဲ့မိတာပါ။
" ငါရော ငါ့ကြင်ယာတော် ကိုရော သေချာကာကွယ်ပေးပါ ဂျောင်ဂု...."
" ဒါ ဒါပေါ့ အရှင်ရယ် ရှေ့ကကြွပါ "
ခပ်ပြုံးပြုံးနှင့် ကြင်ယာတော်၏လက်လေးအားတွဲရင်း ရှေ့ကနေလျှောက်သွားသောအရှင်ကြောင့် ဂျောင်ဂုကျောက်ရုပ်ပမာသာ ကျန်ခဲ့ရသည်။
ဝန်ခံရဦးမည်။ ဂျောင်ဂုသည် ရှင်ဘုရင်အပေါ်သဘောကျနေမိပါသော အရူးအနှမ်းလေးသာ။ ငယ်စဉ်ကတည်းက ကြောက်ရွံ့ရိုသေခဲ့ရသူကို အရွယ်ရောက်လာတဲ့အချိန်မှာအသက်ထက်ဆုံးချစ်မိသွားလိမ့်မယ်လို့သူကိုယ်တိုင်လည်း တစ်ခါမှမတွေးထားခဲ့ဖူးပါ။ ရှင်ဘုရင့်ကိုလေးလည်းလေးစားသည်၊ ချစ်လည်းချစ်သည်။ ဖွင့်ပြောဖို့ထိတော့ မရဲသူမို့ ဒီဆက်ဆံရေးလေးနဲ့ပဲကျေနပ်နေရသည်။ အရှင့်ဘေးမှာထာဝရရှင်သန်နေရတာကပဲ ကံကောင်းခြင်းမလား။ တစ်ခါတလေမှာ မပိုင်ဆိုင်ရပေမယ့် အဝေးကနေပဲလှမ်းမျှော်ကြည့်နေရတာက ပိုလို့တောင်ပျော်ဖို့ကောင်းပါသေးတယ်လို့သာ စိတ်နှလုံးထဲမှတ်ယူထားရင်းဂျောင်ဂုသည် နေသားကျလာခဲ့သည်။
" ဂျောင်ဂု ဘာတွေကြောင်ပြီးရပ်နေခဲ့တာလဲ လာလေ ! "
" အာ ဟုတ်ကဲ့ လာပါပြီ အရှင် "
အတွေးတွေအားလက်စသက်ရင်းသာ အရှင်တို့စုံတွဲဘေးကင်းလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရဦးမည်။
" လူငယ်လေး....အရဲစွန့်ပြီးဖွင့်ပြောကြည့်ပါ "
ကြာကန်ထဲသို့ စက္ကူလှေလေးတွေလွှတ်နေသောအရှင်တို့အား မနီးမဝေးကနေစောင့်ကြည့်နေရင်း ဘေးနားသို့ရောက်ရှိလာသောအဘွားအို၏စကားသံကြောင့် ဂျောင်ဂုအာရုံတွေထွေပြားသွားရသည်။ အဘွားအိုကတော့ ပြောပြီးအဝေးသို့ဆက်လက်ထွက်ခွာသွားသည်။ သူခံစားနေရတာတွေသိလို့များလား....
အရဲစွန့်ပြီးဖွင့်ပြောဖို့ဆိုတာ ဂျောင်ဂုအနေနဲ့သိပ်ကိုခက်ခဲလွန်းတာပေါ့။ အရှင့်ရဲ့ယုံကြည်မှုတွေပျက်သုန်းသွားမှ အရာအားလုံးအရှုံးပေါ်သွားလိမ့်မည်။ မဖြစ်ဘူးလေ မဖြစ်ချေ။ ဒီအတိုင်းလေး ဒီအတိုင်းလေးပဲ......
" ပြန်ရအောင်လေ ဂျောင်ဂု "
" အမိန့်တော်အတိုင်းပါ..."
ရှေ့ကနေလျှောက်ရင်း တွဲထားသောလက်တွေအားမြင်တော့ ဂျောင်ဂုမျက်ရည်ဝဲမိသည်။ ဒီမလာခင် ယောက်ယက်ခတ်နေခဲ့သော ကိုယ့်ကိုယ်ကိုပြန်မြင်မိပြီးရှက်လည်းရှက်မိသည်၊ သိမ်ငယ်မိသည်။
" ဒီညတော့ အရှင့်ပုံမဆွဲတော့ဘူး စိတ်မကြည်ဘူး အရှင်ရာ "
ညတိုင်းနီးပါး အရှင့်ရဲ့ပုံတူလေးတွေထိုင်ဆွဲနေတတ်သည့်ပန်းချီဆရာလေးတစ်ဖြစ်ဂျောင်ဂုသည် ဒီညတော့ပန်းချီဆွဲဖို့ရာစိတ်မပါတော့။ စိတ်တွေထွေပြားနေသည်။ ရင်ထဲလည်းသိပ်နာသည်။ အရင်ကလည်းကြင်ယာတော်နဲ့တွဲတွေ့ဖူးခဲ့ပေမယ့် ခုလိုသူအမျှော်လင့်ကြီးမျှော်လင့်ထားတဲ့အရာကဖြစ်မလာတော့ သူစိတ်ရှုပ်နေရတာမျိုး။ ဝမ်းနည်းနေမိတာမျိုး ပြီးတော့ ကြင်ယာတော်အပေါ်မနာလိုဖြစ်နေတာမျိုး။ ပြောရရင်တော့အရှည်ကြီး။ အရာအားလုံးချုံပြောရရင်တော့ သူစိတ်မကြည်နေပါ။
" အရှင်လည်း ကျွန်တော်မျိုးကိုသဘောကျနေမယ်လို့ထင်ခဲ့တာကို "
ဖွက်သိမ်းထားပါသော ပန်းချီလက်ရာများအားထုတ်ကြည့်ရင်း ချယ်ရီပင်အောက်က အရှင့်ရဲ့ပုံတူလေးအား လက်ထိပ်လေးနဲ့ခပ်ဖွဖွတို့ထိမိရင်းရေရွတ်မိသည်။
ရှင်ဘုရင်က သက်သက်မဲ့မျှော်လင့်ချက်တွေပေးခဲ့တာလား။ ဂရုစိုက်မှုခပ်သေးသေးကိုတောင် ဒီလူဟာ ကမ္ဘာကြီးလောက်ရူးသွပ်မိသွားသလား။ သို့ပေမယ့် ရှင်ဘုရင်ကိုမပိုင်ဆိုင်ရနိုင်ဘူးဆိုတဲ့အသိကိုတော့မွေးသင့်ပြီလေ။ ဟုတ်တယ်မလား။
" ဂျောင်ဂု ငါလာတယ် ဟင် "
ရုတ်တရက်ကြီးပွင့်သွားတဲ့အဆောင်တံခါးရယ် အဆောင်အခန်းထဲရောက်နေပြီဖြစ်သော အရှင်ရယ် မသိမ်းရသေးပါသော အရှင့်ပုံတူလေးရယ်။
အရှင့်လက်ထဲမှာကိုင်ဆောင်ထားပါသောမုန့်အချို့ဟာလည်း ကြမ်းပြင်ပေါ်ပြုတ်ကျသွားရသလို ဂျောင်ဂုသည်လည်းကမ္ဘာတစ်ခုလုံးကိုဆုံးရှုံးလိုက်ရသလိုခံစားချက်အား ချက်ချင်းပဲခံစားလိုက်ရသည်။ သူ ဆုံးရှုံးချေပြီ ဆုံးရှုံးချေပြီ။
" စစ်ထွက်မယ့်တပ်မှာ တာဝန်ထမ်းဆောင်ရမယ် ဂျောင်ဂု....ငါဘုရင်ရဲ့အမိန့်ပဲ......"
ဂျောင်ဂုနှုတ်ခမ်းတွေလှုပ်ရုံမျှပြံးလိုက်မိသည်။ မျက်ဝန်းနှစ်ဖက်က တဖြည်းဖြည်းစိုစွတ်လာသည်ကိုသတိထားမိတာမို့ ခေါင်းပဲအသာငုံ့ထားမိတော့သည်။ ရင်နာသည် ရင်သိပ်ကိုနာသည်။ ညက ဆွဲထိုးခံထားရတဲ့ဒဏ်ရာထက် အဆပေါင်းများစွာနာသည်။ မပိုင်ဆိုင်ရမှာသိပေမယ့်လည်း အနားမှာနေခွင့်ရရုံနဲ့တင်ကျေနပ်နေမိသူပါ။ အခုတော့ သခင်ကိုယ်တိုင်ကအဝေးသို့ပို့လေပြီ။ အဝေးဆိုတဲ့နေရာကလည်း ပြန်ရှင်မယ် မရှင်မယ် အာမခံလို့မရသော စစ်မြေပြင် ငရဲပြင်။ ပြန်မချစ်နိုင်လို့ပဲသေတွင်းပို့သလားအောက်မေ့မိပေမယ့် အရှင်သခင်၏အလိုကျ ကျွန်တော်မျိုး အမိန့်နာခံရဦးမည်။
" အမိန့်တော်တိုင်းပါပဲ အရှင်...."
ထိုသည်နှင့် နှစ် လ ရက်တွေအများကြီးသာ ကုန်ဆုံးသွားတော့သည်။ ဂျောင်ဂုအား နန်းတွင်းထဲတွင် ထပ်၍တောင်မတွေ့ရတော့။ စစ်ပွဲပြီးဆုံးပြီး ရန်သူ့နေရာအားအပိုင်နယ်ချဲ့နိုင်ခဲ့သည်ဟူသော သတင်းစကားကြောင့် ဘုရင်ဟာမဖုံးမဖိနိင်အောင်ကိုပြုံးရွှင်နေမိသည်။ ချယ်ရီပင်အောက်တွင် တစ်ကိုယ်တည်းမတ်တပ်ရပ်နေရင်း အပြစ်သားလေးအားစောင့်ဆိုင်းနေမိသည်။ သူမှတ်လောက်သားလောက်အောင် ပညာပေးလိုက်ရုံပါ။ အမြဲတမ်းမနေခိုင်းချင်ပါဘူးလေ။ ဂျောင်ဂု သူ့အနားမရှိရင်မဖြစ်တာ သူသာသိတာမို့။
ဘုရင်သည် ရက်စက်လွန်းသူမဟုတ်ခဲ့ပါ။ သူရိပ်မိတာပေါ့ ဂျောင်ဂုရဲ့သဘောထားတွေကို။ ဂျောင်ဂုအပေါ်ကိုလည်း အချစ်မမည်ပေမယ့် သဘောကျသံယောဇဉ်တွယ်မိပါတယ်လေ။ ပွဲဈေးကိုလည်းနှစ်ယောက်တည်းသွားဖို့စီစဉ်ထားခဲ့တာပါ။ သွားခါနီးမှ ကြင်ယာတော်ရဲ့ဂျစ်တိုက်မှုကြောင့်သဘောအတိုင်းခေါ်ဆောင်ခဲ့ရခြင်း။ လက်ကိုလည်းအတင်းတွဲကိုင်ထားတာမို့ လွှတ်မရခဲ့ခြင်း။ ဟိုကောင်လေးမျက်နှာမသာယာတော့လို့ပဲ အမြန်ပြန်ဖို့လုပ်ပြီးမုန့်ကျွေးချော့ဖို့လုပ်ခဲ့တာ။ သို့ပေမယ့် မထင်မှတ်ထားတဲ့အရာကြောင့်အဲ့နေ့ညက ရှင်ဘုရင်တစ်ယောက်ရဲ့မာနနဲ့အညီလက်လွန်သွားခဲ့ရုံပါ။ အဲ့ဒါအတွက်လည်းတောင်းပန်မည်။ ကိုယ်တော်တောင်းပန်ဦးမယ် ဂျောင်ဂုရယ်။
" ဟင် စစ်သူကြီး... ဂျောင်ဂုငယ်ရော ကိုယ်တော်မနက်ကတည်းကစောင့်နေရတာ။ ဂျောင်ဂုငယ်ကိုမတွေ့သေးဘူးကွယ် "
ဘုရင်သည် နောက်သို့လှမ်းမျှော်ကြည့်ရင်းမေးသည်မို့ စစ်သူကြီးအဖြေရှာရခက်ချေပြီ။ သံချပ်ကာထဲမှာလုံခြုံစွာထည့်သိမ်းထားသော သွေးစွန်းထားပြီးသားတံဆိပ်လေးကိုပဲ ဘုရင့်လက်ထဲထည့်လိုက်ရင်း ချက်ချင်းဒူးထောက်ချလိုက်မိသည်။ တောင်းပန်ပါတယ်အရှင်.... အရှင်စောင့်ရှောက်ခိုင်းတဲ့အတိုင်း မစောင့်ရှောက်နိုင်ခဲ့ပါ။
" ....... "
ဘုရင်တစ်ယောက် တိတ်ဆိတ်သွားရသည်။ သွေးစွန်းနေသော နန်းတွင်းတံဆိပ်လေးသည် သူ့အားလှောင်ပြောင်နေသယောင်။ ဒီအတိုင်း ဒီအတိုင်း မှတ်လောက်သားလောက်ဖြစ်အောင်အပြစ်ပေးချင်ခဲ့ရုံပါ။ အင်အားနည်းတဲ့နိုင်ငံကိုတိုက်မယ့်တပ်နဲ့ပဲထည့်ပေးလိုက်ရုံပါ။ တိုက်ရည်ခိုက်ရည်မှာသူများထက်သာတာမို့ နည်းနည်းလေးတောင်စိတ်မပူမိခဲ့တာအမှန်ပါ။ ပေါ့ပေါ့တွေးခဲ့မိတာ။ ဘာလို့ ဘာလို့ တစ်သက်တာနောင်တရအောင်ဖန်တီးပစ်ရတာလဲ ဂျောင်ဂုငယ်ရယ်။
" စစ်ပွဲကြားညပ်နေတဲ့ ကလေးတွေကိုကယ်ရင်း သတိလွတ်သွားတဲ့အချိန်မှာ အဆိပ်လူးမြှားတွေအစုလိုက်ထိသွားတာပါ....ကုသခဲ့ပေမယ့် သွေးထွက်လွန်ပြီး...."
" တော် !!! "
ဘုရင်၏အမိန့်သံသည် နန်းတော်တစ်ခွင်ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ စစ်သူကြီး၏ကိုယ်သည်လည်းပို၍တောင်မတ်သွားရသည်။ မြေပြင်ပေါ်မှ ချယ်ရီပွင့်တွေကလည်း ရုပ်ဆိုးအကျည်းတန်လိုက်တာ။ စီးဆင်းနေတဲ့စမ်းချောင်းလေးကလည်း ရုပ်ဆိုးမှုအတိ။ နန်းတော်ကြီးကလည်း မခမ်းနားဘူး။ အားလုံး အားလုံးက စိတ်ပျက်စရာအတိ....
ကိုယ်တော်မရည်ရွယ်ခဲ့တာအမှန်ပါ
ကိုယ်တော် အတွေးတွေတိမ်ခဲ့ပုံ၊ ပေါ့ပေါ့တွေးခဲ့ပုံ
ကိုယ်တော်ကိုယ်တိုင်က မင်းကိုသတ်ခဲ့သည့်အဓိက တရားခံပဲ......
ကိုယ်တော်မင်းကိုရှင်းပြရဦးမယ်လေ ဂျောင်ဂုငယ်။
များမကြာမီကာလအတွင်း ရှင်ဘုရင်သည် အဆိပ်ရည်သောက်သုံးရင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်။
__________
" အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့ရင်ပေါ့...
သူ့ကိုသာ နွေးနွေးထွေးထွေးလေး ပွေ့ဖက်ထားနိုင်ခဲ့ရင် အရာအားလုံးအဆင်ပြေနေမလား ? "
ပန်းချီကားအောက်တွင် ရေးထားသော ဖော်ပြချက်လေးအား အသံထွက်သည်အထိရွတ်ဖတ်လိုက်ရင်း ဂျီမင်းငြိမ်နေမိသည်။ ပန်းချီကားထဲက အရှင်သည် သူနှင့်တော်တော်လေးဆင်သည်။ ရှေးနှစ်ပေါင်းများစွာက လက်ရာမို့မသဲမကွဲဖြစ်နေပေမယ့်လည်း မျက်နှာပုံသဏ္ဌာန်နှင့် ကိုယ်လုံးကိုယ်ပေါက်သည် သူ့နှင့်အတော်လေးဆင်သည်ဟု စိတ်ထဲထင်မြင်နေမိသည်မှာ ဒီပန်းချီကားအား စစမြင်လိုက်ကတည်းကပင်။
" ပန်းချီကားကိုမြင်တာနဲ့ ငိုချင်တယ် "
အပြောသည် နောက်ကျနေခဲ့သည်။ ပန်းချီကားအပေါ်အာရုံရောက်သွားကတည်းက သူ့မျက်ဝန်းထဲမှ မျက်ရည်စတို့သည် ပါးပြင်ပေါ်သို့အရင်ကျဆင်းသွားခဲ့ပြီးသား။ ဒီပန်းချီကားကိုမြင်ရင် ရင်နာသည်။ ရင်တွေအခါခါကွဲသည်။ သူနှင့်ဆင်တူသော ပန်းချီပုံတူကြောင့်မဟုတ်ပဲ ရေးဆွဲခဲ့သူကြောင့်လို့ပဲ သူ့စိတ်ကထင်နေမိတာများလား....
" ဒီစာတွေက ပန်းချီရေးဆွဲခဲ့သူရဲ့စာတွေမဟုတ်ပါဘူး ပန်းချီထဲကဘုရင်ရဲ့ သေတမ်းစာထဲကစာတွေပေါ့။ ဒီပန်းချီလေးရဲ့ဘေးမှာ တွေ့ခဲ့တဲ့သေတမ်းစာလို့ပဲပြောရမလား "
" ဒါကြောင့်ကိုး...."
" ကျွန်တော့်နာမည် ဂျွန်ဂျောင်ဂုပါ ဒီပန်းချီခန်းရဲ့တာဝန်ခံဖြစ်တာမို့ မသိတာအကုန်မေးလို့ရပါတယ် "
" အာ ကျွန်တော်က ပတ်ဂျီမင်းပါ တွေ့ရတာဝမ်းသာပါတယ် "
တစ်ဖန်ပြန် ကြိုဆိုပါတယ် ....
သခင့်အားပွေ့ဖက်ခွင့်မရခဲ့သော ရင်ခွင်တစ်စုံမှ...
THE END
@Ivy_Yeon
YOU ARE READING
» Short Stories in my Mind « || KM ||
RandomKookmin One Shots Collection ( Unicode + Zawgyi )