Story 16

1.7K 149 17
                                    

[Uni]

   
[မဟောင်းနွမ်းသောအတိတ်ရဲ့ စာမျက်နှာများ]

•••••

"အလွယ်တကူပြန်ဆုံနိုင်ဖို့ရာ၊ ဒို့တွေကမ္ဘာကတကယ်ခြားနား၊ တစ်ခါတလေခဏတော့ မင်းသတိရမိမှာပါ၊

သူငယ်ချင်းတွေဘယ်မှာလဲ၊ ငါကတမ်းတရုံ၊ အဲ့ဒီထက်ပို ငိုနေလို့လည်းမထူးနိုင်တဲ့အခါ"

Hall ခန်းရဲ့ထောင့်မှာ တပ်ထားတဲ့ Sound box က သီချင်းသံက ဖိတ်ခေါ်ခြင်းမရှိဘဲ ကိုယ့်နားထဲဝင်လာတော့ ဝဲခနဲဖြစ်လာတဲ့ မျက်ရည်တွေကို အလိမ္မာနည်းနဲ့ ဖုံးကွယ်ပစ်ဖို့ မျက်တောင်တဖျတ်ခတ်ပြီး ထရပ်လိုက်ရတယ်။

ကျောင်းတော်ကြီးက မပြောင်းလဲသေးပါဘူး။ ကိုယ်တက်ခဲ့တုန်းကအတိုင်း နံရံမျက်နှာစာမှာ ဆုရကျောင်းသားတွေရဲ့ ဓာတ်ပုံတွေ၊ အရပ်ပုတာမို့ ချစ်စနိုးနဲ့ဖေပုခေါ်တဲ့ ကျောင်းအုပ်ကြီးမိန့်ခွန်းတက်ပြောတတ်တဲ့ သစ်သားခုံစင်လေး။ ခုံအောက်မှာက ဖေပုမတ်တပ်ထရပ်ရင်ခုထားတတ်တဲ့ အုတ်နီခဲလေးလည်းရှိနေသေးတယ် ။ ဒါပေမယ့် အစဉ်အမြဲ တက်ကြွနေတတ်တဲ့ ဆရာကြီးရဲ့အရိပ်ကိုတော့ မတွေ့ရတော့ဘူး။ တိုက်စားလာတဲ့အချိန်တွေက နောက်ဆုံးမှာ အမှတ်တရတွေပဲ ချန်ပစ်ခဲ့တယ်ဆိုတဲ့စကားက အမှန်ပဲ ဖြစ်မယ်။

"ဇက်၊ ဘယ်လဲ၊ ခဏနေပွဲစတော့မှာနော်"

"ပြန်လာမယ်၊ ခဏလေးပဲ၊ ဟိုဘက်အ​ဆောင်ဘက်သွားကြည့်ချင်လို့"

အတန်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ သွန်းနဒီကိုနှုတ်ဆက်ပြီးတာနဲ့ ခပ်သွက်သွက် ကိုယ့်ခြေလှမ်းတွေက ရင်းနှီးနေကျခြေရာတွေအတိုင်း ဘောလုံးကွင်းကို မျက်နှာမူပြီး ဆောက်ထားတဲ့ နံကပ်တိုက်အို သုံးခန်းတွဲလေးဆီ တန်းတန်းမတ်မတ်ရောက်သွားတော့တာ။ A,B,C...သစ်သားဘုတ်လေးပေါ်ထွင်းထုထားတဲ့ အက္ခရာစဉ်တွေက အရောင်မှိန်နေပြီ။ ကိုယ်တို့ မျောက်လောင်းတစ်စုရဲ့ တွဲခိုစီးခြင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ အဝင်တံခါးပေါက်ကြီးလည်း အခုတော့ပတ္တာတွေပြုတ်၊ မှန်တွေကွဲနေပြီ။

ပြုပြင်ထိန်းသိမ်းခြင်းမရှိတဲ့အဆောင်က ဆယ်စုနှစ် နှစ်စုမက ဖြတ်သန်းခဲ့တာမို့ ဇရာအိုပြီးအထီးကျန်လုလု။ ကိုယ့်လက်နဲ့ထိလိုက်တာနဲ့ ပဲ့ကြွေသွားနိုင်တဲ့အထိ ဇရာပြနေတဲ့ အခြေအနေမှာ သံယောဇဉ်အဟောင်းတွေကို ထမ်းပိုးသိမ်းထားဖို့ မိုးသက်လေငယ်ကြားမှာ အဆောင်တော်ကြီးဟာ ကြံ့ကြံ့ခိုင်ဆဲ။ A ခန်း​ဆောင်ရှေ့ ကော်ရစ်ဒါမှာခြေချပြီး ကော်ရစ်ဒါလျှောက်လမ်းကို လှမ်းကြည့်မိတယ်။ မျက်လုံးကိုမှိတ်လိုက်တာနဲ့ တဆက်တည်း ကိုယ့်အာရုံမှာရယ်မောသံတွေပြန်ကြားရတယ်။

🎉 You've finished reading ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့ [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့] 🎉
ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now