Story 15

1.2K 193 61
                                    

[ Unicode ]

   
"အန်တီချိုရေ! စျေးလာဝယ်တာဗျို့!"

မုန့်ဆိုင်လေးရဲ့ အပြင်မှာရပ်ရင်း အထဲကိုမျှော်ကြည့်လို့ ခါတိုင်းလို ကျွန်တော်အော်တော့ အထဲက ဘာသံမှပြန်မလာ။ ထူးဆန်းလိုက်တာ။ တစ်ခေါက်ခေါ်လိုက်တာနဲ့ "လာပြီ လာပြီ သားရေ" ဆိုပြီး အပြေးကလေးထွက်လာတတ်တဲ့ အန်တီချိုက ကျွန်တော်နှစ်ခေါက်ခေါ်တာတောင် ထွက်မလာသေး။

"အန်တီ-"

ခြေဖျားကိုထောက်ရင်း ကျယ်ကျယ်ထပ်အော်ဖို့ပြင်ချိန်မှာ ကျွန်တော့်အသံတွေ တဖြည်းဖြည်းတိမ်ဝင် ပျောက်ရှသွားတာက အမှီထိုးထားတဲ့ မုန့်ဆိုင်လေးရဲ့နောက်၊ နံကပ်တိုက်အိမ်လေးကနေ ထွက်လာတဲ့လူတစ်ယောက်ကြောင့်။

စွပ်ကျယ်ဂျိုင်းပြတ်အဖြူကို တစ်ထည်တည်း ဝတ်ထားပုံက သန့်သန့်ပြန့်ပြန့်။ ဉီးဂျမ်းပုဆိုး အညိုကွက်က အရောင်ဖျော့တော့လို့။

ရေစက်ရေစတွေတွဲခိုနေတဲ့ ခေါင်းကို ချည်တဘက်နဲ့ သုတ်နေရင်း ကျွန်တော့်ကိုမြင်တော့ ပြုံးပြလာတယ်။ အလိုအလျောက်ကို လိုက်ပြုံးမိနေတဲ့ ကျွန်တော့်နှုတ်ခမ်းတွေဟာ တဆိတ်....ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော့်ကိုတောင် ခွင့်မတောင်းပါလေလား။

"ဘာယူမလဲ ညီလေး၊ အမေက အလှူရှိလို့ ခနသွားတယ်"

အညာချည်တဘက်ကို ခပ်လှမ်းလှမ်းက မန်ကျည်းပင်ရိပ်အောက်၊ ဝါးလုံးတန်းမှာ လွှားတင်လှမ်းပြီးမှ ကျွန်တော်ရပ်နေတဲ့နား လျှောက်လာရင်း စကားဆိုတယ်။

ဘေးချင်းယှဉ်နေရင်း မော့ကြည့်မိတဲ့အရပ်က အလွန်ဆုံးတော့ ကျွန်တော့်ထက် နှစ်လက်မရှည်မယ်။

"ဟုတ် အစ်ကို၊ ဟို...မဆလာထုပ်လေး"

"ခနနော်" လို့ပြောပြီး အိမ်ထဲပြန်ဝင်သွားရဲ့။ ပြန်ထွက်လာတော့ လက်ထဲမှာ စုချည်ထားတဲ့ မဆလာထုပ်အတွဲကြီးနဲ့။

"ဘယ်နှစ်ထုပ်လဲ"

မဆလာထုပ်အတွဲတွေကို သံချိတ်လေးမှာ ချိတ်လို့ ကျွန်တော့်ဘက်ကို လှည့်မေးလာတော့

"တစ်ထုပ်တည်း အစ်ကို"

"နှစ်ရာ့ငါးဆယ် ညီ"

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now