Unicode~
နွေဦးရဲ့ ပုံမှန်ရက်တစ်ရက်ကို နေရောင်နဲ့ဆီးကြိုးသည်။ ခန်းဆီးလိုက်ကာမချထား၍ ရွှေဝါရောင်အလင်းတန်းက ပြတင်းမှန်ကို ဖြတ်၍၀င်လာသည်။
မျက်လုံးများပွင့်လာသည်နှင့် မြင်လိုက်ရသော အညိုရောင် မြင်ကွင်းကြောင့် ကျွန်တော့်အခန်းမဟုတ်မှန်း သိလိုက်သည်။
ရီဝေနှောက်ကျိနေသော ခေါင်းကို အလုပ်ပေးလိုက်တော့ မနေ့က အဖြစ်အပျက်တွေက အနှေးပြကွက်လို မှတ်ဉာဏ်ထဲပေါ်လာတော့သည်။"JungKook နိုးပြီလား"
အခန်းဝမှာ ခေါင်းလေးပြူကာ အသံတိုးရှရှလေးနဲ့ မေးနေသည်။ မျက်လုံးများက အကြည့်ချင်းမဆုံအောင် တမင်ရှောင်ဖယ်နေတာကြောင့် ယောင်းက မနေ့က အနမ်းအတွက် အရှက်သည်းနေပြီမှန်း ရိပ်စားမိပါသည်။
"လာလေ ယောင်းရဲ့။ အခန်းဝမှာ ရပ်နေတော့မှာလား"
"ဟင့်အင်း"
လက်ထဲမှာ သံပုရာနဲ့ပျားရည်ဖျော်စပ်ထားသော ဖျော်ရည်လေး ယူလာသည်။
"ဟို..ခေါင်းကိုက်နေမှာစိုးလို့။ ပျားရည်နဲ့သံပုရာဖျော်လာတယ်"
ပျားရည်ရဲ့ချိုအီမှုနဲ့ သံပုရာရည်ရဲ့ ခပ်ချဥ်ချဥ်အရသာလေးကြောင့် ခေါင်းထဲလန်းဆန်းသွားသည်။ ပတ်ဝန်းကျင်ကို သေချာကြည့်တော့ ဒါက ယောင်းအခန်းသေချာသည်။ တိုက်ခန်းကို ခဏခဏရောက်ဖူးပေမယ့် အခုတော့ အိပ်ခန်းဆောင်လယ်ထိ အိပ်စက်နေခဲ့တာပဲ။ ကိုယ့်အတွေးနဲ့ကိုယ်မို့ ပြုံးနေမိလား မပြုံးနေမိလား မသိပါ။
"ညကျ JungKook က မူးနေလို့။ ကျွန်..ကျွန်တော်က ကားမမောင်းတတ်ဘူးလေ"
စကားလုံးများ ပြောနေသည့်တိုင် ကျွန်တော့်ကို ယောင်းက လုံးဝမကြည့်ပါ။ မြေကြီးထဲနစ်ဝင်မတတ်ခေါင်းငုံ့ထားပြီး ပါးအို့လေးတွေက နီရဲနေသည်။ နားရွက်ဖျားလေးတွေပါ အနီရောင်သမ်းနေပုံထောက်လျှင် မည်မျှရှက်နေသည်ဆိုတာ ခန့်မှန်းကြည့်လို့ရသည်။
"ယောင်း..ရှက်နေတာလား"
"ဟင်...ဟင့်အင်း"
"ဒါဆို ကိုယ့်ကိုကြည့်"