Unicode~
နေ့စဥ်ရက်ဆက် မောင့်ဘေးနားမှာ စောင့်နေခဲ့ပေမယ့် မောင့်အခြေအနေက ဒုံရင်းအတိုင်းသာ။ ဆယ်ရက်လောက်ရှိသွားပေမယ့် အထူးကြပ်မတ်ကုသဆောင်ကနေ ရိုးရိုး VVIPအခန်း ပြောင်းသွားတာကလွဲရင် သတိရလာမယ့် အရိပ်အရောင်မပြသေး။
သို့တိုင်အောင် ကျွန်တော် အားမလျှော့တမ်း စောင့်မျှော်နေဆဲပင်။"မောင် အကြာကြီး အိပ်နေလိုက်တာနော်"
ဘေးမှာ ရပ်နေတဲ့ အစ်ကို YoonGi နဲ့ ယူဂျင်းရဲ့သက်ပြင်း ဖွဖွချသံကို ကြားရသည်။ ကျွန်တော် တဖြေးဖြေး အရူးနဲ့တူလာတယ် ထင်ပါရဲ့။ အဆောင်ပြန်အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်ဆို မိုးလင်းမိုးချုပ်မောင့်အနားမှာသာ နေဖြစ်သည်။ စာလုပ်စရာရှိသည်ကအစ ဆေးရုံအထိ သယ်လာပြီး ဒီမှာပဲ လုပ်ဖြစ်သည်။
မောင်သဘောကျတဲ့ ကျွန်တော့်ရဲ့ တယောသံစဥ်တွေကို မောင့်အနားမှာ ဖန်တီးကြည့်သည်။ မောင်ကြားရလား မကြားရလားမသိပေမယ့် ဒီဂီတတွေက မောင့်အတွက်ပါ မောင်။"Taehyung...နည်းနည်းပါးပါးလည်း အနားယူဦး။ နောက်လ စာမေးပွဲရှိသေးတယ်မလား။ မင်းကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ ငါအားမရလိုက်တာ"
ဒီစကားကို ယူဂျင်းပြောနေတာ အခေါက်ပေါင်းမနည်းတော့။ ပြောတိုင်းလည်း Taehyungက ပြုံးရုံပြုံးပြပြီး JungKookကိုသာ စိုက်ကြည့်လျက်။
နဖူးပေါ်က ဒဏ်ရာများနဲ့ အပြင်ဘက် ပွန်းပဲ့ဒဏ်ရာများက အနာကျက်သွားပြီး ပက်တီးဖြူဖြူများနေရာမှာ ဆေးလိမ်းရုံသာ ဖြစ်သွားပေမယ့် မောင်ဟာ ငြိမ်သက်နေဆဲပင်။ အနည်းငယ်ရှည်လာသော ဆံသား နက်မှောင်မှောင်တွေနဲ့မောင်က ငြိမ်သက်စွာ လှဲလျောင်းနေတာတောင် ခန့်ညားနေဆဲပင်။
"ဒီနေ့ရော နေခဲ့ပြန်မှာလား"
ခေါင်းညိတ်ပြလိုက်တော့ ယူဂျင်းက ကျွန်တော်နဲ့ အစ်ကို YoonGiကို နှုတ်ဆက်ပြီး ပြန်သွားသည်။
ထိုင်နေရတာ ကြာပြီမို့ ခဏထကာ အညောင်းအညာဆန့်လိုက်သည်။ မှန်ရှိရာသို့ အကြည့်ရောက်သွားတော့....ကျွန်တော့် မျက်နှာက သိသိသာသာ ချောင်ကျသွားတာပဲ။ ညညဆို မောင့်ကို ဆေးရုံမှာမစောင့်ရတော့ စိတ်မချတွေဖြစ်ပြီး အိပ်မရတာကြောင့် မျက်တွင်းကလည်း ချိုင့်ကျနေသည်။ ဒီလိုချိန်သာ မောင်နိုးလာရင် မလှဘူးလို့ ပြောနေမလား။