အခန်း (၁၁)

5.5K 507 7
                                    

"နင်တို့ကဖြစ်ရဲ့လား နှစ်ယောက်ထဲ..မဖြစ်ပါဘူးလေ မီးငယ်လေးက လမ်းဆိုဘာမှအားကိုးရတာမဟုတ်ဘူး
အိပ်ပဲအိပ်နေမှာ စိတ်ချရတဲ့ ဒရိုင်ဘာ ငါငှါးပေးလိုက်မယ်
ဒါမှမဟုတ်လဲ နင်တို့နှစ်ယောက် လိုင်းကားနဲ့သွားကြ"

ခရီးသွားမည့်အကြောင်းကို အိမ်ကိုပြောမိလိုက်ရာကနေ ဒီဇာတ်လမ်းကစတော့သည်။ နဂိုထဲက သူ့အပေါ်ကလေးလို့မြင်နေသလို သူ့ဘာသာအေးအေးဆေးဆေးနေတာကိုလည်း လူတောမတိုးဘူးဟုထင်နေတာလားမသိပေ။

မမကြီးတို့ရဲ့စိတ်ကိုလည်း နွေငုဝါနားလည်ပါသည်။ သူတို့တွေကလည်း ထက်မြက်ကြသူတွေပီပီ နွေငုဝါကိုလည်း ထက်ထက်မြက်မြက် သွက်သွက်လက်လက်ဖြစ်စေချင်သည်။ နွေငုဝါရဲ့အရည်အချင်း ရုပ်ရည် အဆင့်အတန်းနဲ့ဆိုရင် ရွယ်တူတွေကြားခေါင်းမော့ကာ နေနိုင်သည့်အနေအထားမှာ နွေငုဝါကတော့ အိမ်ထဲကနေထွက်ဖို့တောင်စဉ်းစားနေတဲ့သူလေ။

အမေကတော့ နွေငုဝါတစ်ယောက် သျှင်းမြတ်နဲ့လက်ထပ်လိုက်ကတည်းက သူ့တာဝန်ပြီးလေပြီဟုသတ်မှတ်သလားမသိ ယောဂီဝတ်ကာ တရားစခန်းမှာပင်နေတော့သည်။ ဒါလည်း အေးချမ်းရာ ကိုယ့်နောက်ပါမယ်အရာတွေကိုလုပ်နေတာသော အမေ့ကိုအားကျပါသည်။

မမကြီးနှင့်မမလေးကတော့ တစ်ပတ်တစ်ခါလောက် အိမ်လာသလို စားစရာသောက်စရာတွေလာပေးလိုက် သူတို့အခြေအနေကိုအကဲခတ်လိုက်ဖြင့် လာလာကြည့်လေသည်။

"မမကြီးကလည်း ဘာမှမဖြစ်ပါဘူး ငုဝါလည်း ကားမောင်းတတ်တာပဲကို"

"နင်ကဘယ်တုန်းကမောင်းဖူးလို့လဲ နင်ဖြင့်လိုင်စင်သာရတာ မောင်းရမှာပျင်းလို့ ဝယ်ထားတဲ့ကားတောင် ပြန်ရောင်းလိုက်ရတာလေ"

"ဟာ.."

သျှင်းမြတ်ကြားထဲကနေရယ်ချင်လာမိသည်။ စူပုတ်ကာ စိတ်ကောက်နေပြီဖြစ်သော နွေငုဝါကိုရယ်ချင်သလို အစစအရာရာကလေးလိုထင်နေသည့် အစ်မဖြစ်သူကိုလည်းရယ်ချင်သည်။

"ဟိုဟာလေ..စိတ်မပူပါနဲ့ ကျွန်မက ကားမောင်းတာကျွမ်းပါတယ်"

"သျှင်းမြတ်ကိုတော့ အစ်မကအားနာပါတယ် ဒါပေမဲ့လေ ဘယ်လိုမှစိတ်မချဘူးကွဲ့ အမြန်လမ်းဆိုတာလည်း မိန်းကလေးနှစ်ယောက်ထဲသွားလို့ကောင်းတာမဟုတ်ဘူး ဖြစ်နိုင်ရင်တော့ ဒရိုင်ဘာခေါ်သွား မဟုတ်ရင် လိုင်းကားနဲ့သာသွားကြပါ"

You And IWhere stories live. Discover now