အပိုင်း (၂၀)

5.2K 462 5
                                    

"ဒီတစ်လလုံး တို့အားပြီဆိုတော့ ဘာလုပ်ကြမလဲ ဘေဘီ"

iPad ပေါ်မှာ ဆွဲနေသော pen ကိုလက်ကနေချလိုက်ကာ သူ့ကိုလှည့်ကြည့်လိုက်မိသည်။ ဆိုဖာပေါ်မှာ မှောက်လျက်အနေအထားကိုမှ လက်တွေကမေးအောက်ကို ထောက်ထားကာ သူနေနေကျပုံစံအတိုင်းပင်။ ပုံဆွဲနေသော ငုဝါကိုလာကြည့်နေခြင်းသာ။

ကျင့်သားရသွားပြီဖြစ်သည့် အလေ့အကျင့်လေးက ဘေးနားမှာရှိနေတတ်သည့်အသက်ရှုသံလေးကို မက်မက်မောမောဖြစ်လာရသလို မရှိရင်မနေတတ်တော့။ ဒါကြောင့် သူမရှိသည့်ရက်တွေမှာ မဆွဲဖြစ်ခဲ့သည့် အလုပ်အကြွေးတွေက သူရှိလာချိန်မှာစုပုံလို့လေ။

ဘာပဲဖြစ်ဖြစ် ဒါတွေဟာ သျှင်းမြတ်တလူကြောင့်ပဲ။ မယုံကြည်ချင်စရာကောင်းလောက်အောင်အမြန်နှုန်းဖြင့် ငုဝါရဲ့အကျင့်တွေဖျက်စီးနေတဲ့သူပေါ့။

"အလုပ်တွေများနေတယ် နီးနီးနားနားပဲရမယ် အဝေးကြီးသွားလို့မရဘူး"

"အိမ်မှာနေတာလည်းကောင်းပါတယ်...ဘေဘီရှိနေတာပဲကို တို့ကဘေဘီရှိသောအရပ်မှာ အမြဲပျော်ပါတယ်"

မျက်စောင်းထိုးလိုက်မိပေမဲ့လို့ ဒီလိုစကားတွေကိုအမြဲကြားနေရသော်လည်း ကြားသည့်အချိန်တိုင်း သဘောကျသည်ဆိုတာကတော့ငြင်းလို့မရပေ။

"အလုပ်တအားများနေတာလား တို့ဘာကူလုပ်ပေးရမလဲ"

"အဲ့ဒါရှင့်ကြောင့်ပဲ"

ဆိုဖာပေါ်ကအမျိုးသမီးက ငုဝါရဲ့စွပ်စွဲချက်ကြောင့် မျက်ခုံးတစ်ချက်ပင့်ကာ ရယ်ချင်နေသောအနေအထားဖြင့် ငုဝါကိုကြည့်လေတော့ မျက်စောင်းတစ်ချက်ထိုးကာ နှာခေါင်းရှုံ့ပြလိုက်သည်။

"အို..ပြောပါဦး တို့ကဘာများလုပ်မိလို့လဲ ဘေဘီရယ်"

"ရှင့်ကြောင့်ပဲ ရှင်အခုလိုအနားမှာအမြဲတမ်းနေနေတာ့ ရှင်မရှိတဲ့အခါကြတော့ ကျွန်မပုံဆွဲလို့မရတော့ဘူး ကျွန်မအကျင့်တွေကိုဖျက်စီးတာရှင်ပဲ အားလုံးရှင့်ကြောင့်"

ပြောမိပြီးကာမှ ငုဝါရှက်သွားရသည်။ ဒါကသူ့ကိုငုဝါဘယ်လောက်လွမ်းမိကြောင်း သူမရှိရင်မနေတတ်သည့် အကြောင်းကို သွယ်ဝိုက်ဝန်ခံနေသလိုပင်။

You And IWhere stories live. Discover now