အပိုင်း (၂၅)

4.6K 441 5
                                    

"သျှင်းမြတ်တလူက ကလေးချစ်တတ်တယ်ထင်တယ်နော် ငုဝါကတော့ မချစ်တတ်ဘူးဆိုတာ သိပါတယ်"

နေ့လည်စာလိုက်ကျွေးမည်ဟုဆိုကာ ဟိုတယ်ကိုလာခေါ်သော ခိုင်ခန့်မော်ကြောင့် သူတို့တွေမငြင်းတော့ပဲ လိုက်ဖို့ပြင်ဆင်ရင်း ပြင်ဆင်လို့မပြီးသေးသည့် သရဖီနှင့် ရွှေရည်ကို ဟိုတယ် reception အနားစောင့်နေကြသည်။

ဟိုတယ်ကို လာတည်းသည့်မိသားစုတစ်ခုက ချစ်စဖွယ် နှစ်နှစ်အရွယ်ကလေးလေးကို သျှင်းမြတ်ကစနောက်နေတာကြောင့် ဘေးနားမှာရပ်ကြည့်နေသော ငုဝါကိုခိုင်ခန့်မော်က စကားဆိုသည်။

သူဘာကိုဆိုလိုချင်သည်ကိုသိသော ငုဝါကစကားပြန်မပြောပေမဲ့လို့ ခပ်လှောင်လှောင်အနေအထားဖြင့်သာပြန်ကြည့်လိုက်သော်လည်း ထိုလူဟာမျက်နှာတစ်ချက်မပျက်အောင် အရေထူလွန်းသည်။

စကားပြန်မပြောဖြစ်တော့ပဲ သျှင်းမြတ်ကိုပဲကြည့်နေမိတော့ ပြုံးရွှင်နေသည့်အနေအထားဖြင့် ကလေးလေးကိုစနောက်နေတာကိုတွေ့ရသည်။ ရင်ထဲမှာဖျတ်ခနဲတွေးလိုက်မိတာက တကယ်ပင် ကလေးချစ်တတ်တာလားဟု။ ခိုင်ခန့်မော်ရဲ့စကားကြောင့်လို့မဆိုရပေမဲ့လို့ မြင်နေရသော အပြုအမူက သူ့ကိုသတိပေးလိုက်သလိုပင်။

ရွှေရည်တို့တွေရောက်လာတော့မှ သူတို့အတူတူ ထမင်းဆိုင်ကိုသွားကြသည်။ အညာဟင်းတွေကတော့ ထုံးစံအတိုင်း ငြီးငွေ့ဖွယ်ရာမရှိစားလို့ကောင်းမြဲပင်။

"ငုဝါက ပဲသီးမကြိုက်ဖူးမလား ငယ်ငယ်ကဆို ထမင်းချိုင့်ထဲပါတိုင်း အစ်ကို့ကိုပဲစားခိုင်းတာလေ"

သျှင်းမြတ်ထည့်ထားပေးသော ပဲသီးသုပ်ထားသည့်ဟင်းကိုကြည့်ပြီးပြောလိုက်တော့ ငုဝါမျက်မှောင်ကျုံ့သွားရသလို သျှင်းမြတ်ရဲ့မျက်နှာအနေအထားဟာလည်း တည်သွားရသည်။

"လူဆိုတာ ပြောင်းလဲတတ်တယ် ဘယ်သူမှတသမတ်ထဲမရှိဘူး အခုလောလောဆယ်တော့ ပဲသီးကကျွန်မအကြိုက်ဆုံးပဲ"

သျှင်းမြတ်နှုတ်ခမ်းဖျားလေးတွေ မသိမသာကွေးညွတ်သွားတာကိုတွေ့ရတော့ ငုဝါစိတ်ချမ်းသာသွားရသည်။ ကိုယ့်လက်တွဲဖော်ကို မလုံခြုံသောခံစားချက်မျိုးမပေးချင်တာအမှန်ပါ။

You And IWhere stories live. Discover now