Part 2

389 18 0
                                    

Unicode

နှင်းတွေဝေနေသည့် မနက်ခင်းသည် တိတ်ဆိတ်စွာ အထီးကျန်နေသည်။ အကြိမ်ကြိမ် အလီလီဖြတ်သန်းခဲ့ဖူးသော ဆောင်းရက်များသည် တစ်ဖန်ပြန်လည် ဝင်ရောက်နေကြပြီ။ ကျွန်တော့်အတွက်တော့ သည်နှစ် ဆောင်းရက်များက အရင်နှစ်ဆောင်းရက်များထက် ပိုမိုနွေးထွေးနေမည်ကို အသေအချာသိ၏။

အရှေ့ရပ်မှ နေမင်းသည် သစ်ပင်ရိပ်အောက် တစ်စွန်းတစ်စ ခိုဝင်နေသည့် ကျွန်တော့်ထံ သစ်ရွက်ကလေးများကြားမှ မထိတထိ လာကျီစယ်နေကြ၏။ မနက်ခင်းကော်ဖီကို အချိုးကျစွာ ဖျော်တိုက်ပေးခဲ့သောသူ မရှိလေတော့ ကိုယ်တိုင်ဖျော်ထားသည့် ကော်ဖီညံ့ညံ့တစ်ငုံကို သောက်လိုက်သည်။ လျှာဖျားတွင် ထင်ရှားလာသည့် အရသာကြောင့် ပြုံးမိ၏။

ကုန်လွန်ခဲ့သည့် ပြက္ခဒိန်စာရွက် နှစ်ရွက်စလုံးတွင် သောက်ခဲ့သည့် ကော်ဖီအရေအတွက်ပေါင်း ခြောက်ဆယ်တိတိ… ထိုကော်ဖီများသည် ကျွန်တော့်အတွက် အခါးအရသာ ပိုမိုထူးကဲခဲ့၏။ သည်အကြောင်းကို တစ်ယောက်သောသူ ပြန်လာလျှင် ပြောဖြစ်အောင် ပြောဦးမည်။

တန်ဆောင်မုန်းလ၏ ရာသီပန်းဖြစ်သော ခဝဲပန်းများသည် ရာသီချိန်ကို ကုန်လွန်သွားသည်မို့ တိတ်တဆိတ် ကွယ်ပျောက်သွားခဲ့သည်။ အသစ်တဖန် ထွက်ပြုစ ပြုလာရင်း ဖူးပွင့်ဝေဆာလာသော သဇင်ပန်းများကမူ ရနံ့ကြိုင်လှိုင်စွာဖြင့် လောကကြီးကို အလှဆင်နေသည်မှာ အချိန်ကြာခဲ့ချေပြီ။ သို့တစေ ယခုအချိန်ထိ မိန်းမလှလေးများ၏ ခေါင်းထက် နေရာယူဆဲ၊ မင်းမူနေ၏။

မျှော်လင့်စောင့်စားမိသူ ကျွန်တော်က မကြာမီ အချိန်ကာလအတွင်း သင်းပျံ့လာမည့် ကံ့ကော်ပန်းရနံ့များအား ကြိုဆိုချင်သည်။ ပန်းလေးများကတော့ မျက်နှာလိုက်လွန်းသဖြင့် ငြူစူနေမလား…

စိတ်တွင်း၌သာ တောင်းပန်လိုက်ပါသည်။

လူတစ်ကိုယ် အကြိုက်တစ်မျိုးပေမို့ နှစ်သက်မိသူတို့ကြား သခင်အဖြစ် မထိုက်တန်လို့သာ ယူဆလိုက်ကြပါ ဟူ၍…။

ထိုအချိန် ဆောင်းလေပြည်က ခပ်ပြင်းပြင်း တစ်ချက်ဝှေ့ရင်း ဝေ့ဆိုင်းနေသည့် နှင်းများကို ဖယ်ရှားပစ်လိုက်သည်။ ထိုလေပြည်များ၏ ပယောဂကြောင့် ဖတ်ရန် အင်အားယူနေခဲ့သည့် စာအိတ်လေးများ၏ တစ်ခုတည်းသော အဖုံးလေးက ပွင့်သွား၏။ မြင်နေရသည်က အဖြူရောင်စာရွက်ပေမယ့် လက်ဖြင့်ထိတွေ့လိုက်ပါက လင်းထင်လက်ရေး ခပ်စောင်းစောင်းလေးများကို တွေ့ရမည်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now