Part 5

358 16 0
                                    

Unicode

မြူတွေ… အဖြူရောင်တိမ်တွေလိုမျိုး အစုလိုက်မရှိဘဲ နေရာအနှံ့ ဖြန့်ကျက်ထားတဲ့ မြူတွေ…။

ထိုမြူများက ကျွန်တော့်အမြင်အာရုံကို ဖုံးလွှမ်းထားသည်။ ထို့ကြောင့် အရပ်ရှစ်မျက်နှာစလုံး ဘာကိုမှ မမြင်ရ။ အေးစက်ခြင်းကို မခံစားမိသဖြင့် နှင်းတွေနှင့် ဆင်တူလှသော မြူတွေဖြစ်ကြောင်း အသေအချာသိသည်။ သို့သော် မဟုတ်သေး…။ ဆောင်းရာသီမှာ ဘာလို့ နွေရာသီရဲ့ အဆင်တန်ဆာ မြူတွေရှိနေတာလဲ?

လေညှင်းများက ညင်သာစွာ တိုက်ခတ်လာသည်။ အမြင်အာရုံတွေလည်း တဖြည်းဖြည်းနှင့် ပီပြင်လာသောအခါ မြေပြင်ထက် ခရေပန်းတွေ ကြွေနေသည့် မြင်ကွင်းက ဆီးကြိုနေ၏။ ထို့အပြင် ကျောပေးရပ်နေသော လူတစ်ယောက်… ခရေပင်အိုကြီးကို ငေးကြည့်နေသည်။ ရုတ်တရက်ဆိုသလို ထိုလူက ကျွန်တော့်ဘက်လှည့်ကြည့်ကာ ပြုံးပြလာ၏။

“လင်းထင်…”

ဝေးကွာနေသော အကွာအဝေးကို ကျွန်တော်မကြိုက်။ လှမ်းမိသော ခြေလှမ်းတွေအား လင်းထင်က ဂရုမထားဘဲ ကျွန်တော့်ကို ပြုံးမြဲပြုံးပြသည်။ ကြွေကျနေသော ခရေပွင့်တစ်ချို့က ကျွန်တော့်ခြေဖဝါးအောက် ရောက်နေပြီ။ သို့သော် ဝေးကွာနေသော အကွာအဝေးက မပြောင်းလဲသေး။

“လင်းထင်… ငါ့ဆီလာခဲ့ပါ”

ခြေလှမ်းတွေ ဆက်ကာဆက်ကာ ရွေ့မိတော့ လင်းထင်က အနောက်ကို တစ်လှမ်းဆုတ်၏။ ကျွန်တော် ဆက်မလှမ်းရဲတော့။ မြင်နေရသည့် ပုံရိပ်ကို မမြင်ရတော့မှာ ကြောက်မိသည်။

“မသွားနဲ့… ဒီအတိုင်းလေးပဲ ရပ်နေ။ ငါ လာတာကို စောင့်နေပါ…”

လင်းထင်က ခေါင်းခါပြပြီး ကျွန်တော့်ကို ကျောပေးသွားသည်။ သို့သော် အတန်ကြာ ရပ်တန့်နေသော ခြေအစုံကြောင့် အားတက်မိသွားသည်နှင့် တစ်ပြိုက်နက် ရှေ့သို့တိုးမိ၏။ နှုတ်ကလည်း လှည့်ကြည့်လို လှည့်ကြည့်ငြား အော်ခေါ်လျက်…။

“လင်းထင်… မသွားပါနဲ့! လင်းထင်…”

သို့သော် ကျွန်တော့်ခြေထောက်ကို တစ်စုံတစ်ရာသော အရာတွေက ရစ်ပတ်ထားသဖြင့် မရွေ့လျားနိုင်တော့။ လင်းထင်ကို ကြည့်လိုက်တော့ သူ့ခြေလှမ်းတွေက ကျွန်တော်နှင့် ဝေးရာကို ရည်ရွယ်နေပြီ။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now