Part 6

331 17 2
                                    

Unicode

မနက်မိုးလင်းလို့ မျက်လုံးများ ဖွင့်သည်နှင့် လင်းထင်ကို လိုက်ရှာမိခြင်းမှာ အကျင့်တစ်ခုလို ဖြစ်နေပြီ။ ကျွန်တော့်ဘေးနားကနေ ထွက်သွားမည်ကို စိုးရိမ်နေခြင်းတော့ မဟုတ်။ သူ့မျက်နှာကို မြင်ချင်၍ ဖြစ်သည်။

ပန်းချီဆွဲပြီဆိုလျှင် အချိန်အခါများ မေ့တတ်သူက အချိန်မရွေးလည်း ပန်းချီထဆွဲတတ်သေးသည်။ ယခုလည်း ကျွန်တော်တောင် မနိုးသေး။ လင်းထင်က အစောကြီးထကာ ပန်းချီဆွဲနေ၏။ သူ့ကို အနှောက်အယှက်မပေးချင်သည်မို့ ပန်းချီဆွဲသည့်အခန်းတံခါးဝကနေ ခြေသံဖွဖွနင်းကာ လှည့်ပြန်ခဲ့လိုက်သည်။

ဘုဏ်းမြတ်နှင့် ကျွန်တော့်အကြောင်းကို လင်းထင် သိသလား၊ မသိသလား… ကျွန်တော် မသိ။ သို့သော် ထိုကိစ္စနှင့်ပတ်သက်သော စိတ်ပူပန်မှုက ကျွန်တော့်ဆီမှာ မရှိတော့ပါ။ သူ့ကြောင့် ကျွန်တော်မျက်ကျရတာမျိုးကို မကြိုက်သူက ကျွန်တော့်ကို မျက်ရည်ကျစေမည့် ကိစ္စမျိုးအား ဘယ်တော့မှ လုပ်မည်မဟုတ်ကြောင်း ယုံကြည်သည်။

ရေမိုးချိုးပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်တွင် အသင့်ထုတ်ထားသော အင်္ကျီနှင့် ဘောင်းဘီရှည်ကို တွေ့လိုက်ရပြန်သည်။ နှစ်ခြိုက်စွာ ပြုံးမိလိုက်ခြင်းမှာ မနက်ခင်း၏ လတ်ဆတ်သော လေထုကြောင့်မဟုတ်။ သစ်သားတုံးကြီး၏ မထင်မှတ်ထားသော လုပ်ရပ်ကြောင့် ဖြစ်သည်။

အခန်းအပြင်ကို ထွက်ကာ “ဒါက ဘာအတွက်လဲ” လို့ စနောက်မေးလျှင်လည်း “မင်း ဝတ်ဖို့ပေါ့” လို့ ရိုးသားစွာ ပြုံးရယ်ရင်း ပြန်ဖြေလိမ့်မည်။

“ကော်ဖီ မသောက်နဲ့ဦး”

ထမင်းစားပွဲတွင် အသင့်ဖျော်ထားသော ကော်ဖီကို ကိုင်တော့ တားမြစ်သည်။ ကျွန်တော့်အတွက် ဖျော်ပေးထားတာ မဟုတ်ဘူးလား… ပြန်မော့ကြည့်တော့ ထမင်း‌ပေါ်တွင် ပဲပြုတ်ဖြူးထားသော ပန်းကန်ကို ပေးလာသည်။

“အစကတော့ မင်း ကြိုက်တဲ့ ထမင်းကြော် ကြော်ပေးမလို့ပဲ။ ဒါပေမဲ့ ရင်ပြည့်မှာစိုးလို့”

“မနက်အစောကြီး ထမင်းမစားချင်ဘူး။ ပြီးတော့ နေ့ခင်းကျရင် နှင်းတို့အိမ်မှာ ဝါးတီးသွားဆွဲရဦးမယ်လေ”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now