Part 8

324 14 0
                                    

Unicode

“ဘာတွေ တွေးနေတာလဲ”

လင်းထင်က လက်ပတ်နာရီကို ဝတ်ရင်း မေးခွန်းထုတ်လာသည်။ ခေါင်းခါရင်း ဖြေလိုက်သော်လည်း ထိုအဖြေကို သဘောကျပုံမပေါ်။ ကျွန်တော့်လက်ထဲရှိ ရွှေရောင်အတိပြီးသော မင်္ဂလာဖိတ်ဆောင်လေးကို ကြည့်ရင်း

“ဪ… မင်းကို မနေ့တုန်းက ပြောဖို့ မေ့နေတာ။ ဒီလကုန်ရင် သဒ္ဒါဇင် လက်ထပ်ပွဲတဲ့။ သူလာဖိတ်သွားတာ”

“ဒီကို လာတာလား?”

“အင်း… ပြီးတော့ မင်းကို ပြောသေးတယ်။ မန္တလေးမှာ ဆောင်မှာဆိုပြီး ဘာမှ မတွေးဘဲ ဆက်ဆက်လာခဲ့ပါတဲ့။ သွားမှာမလား”

ကျွန်တော့်မှာ ငြင်းပယ်ဖို့ အကြောင်းပြချက်မရှိပါ။ အနည်းငယ် မဝံ့မရဲဖြစ်မိပေမယ့် လင်းထင်က ကျွန်တော့်လက်ကို လွှတ်မည့်သူမျိုးမှ မဟုတ်တာ။

“သွားမှာပေါ့။ တစ်လက်စတည်း မင်း ပြောဖူးတဲ့ ဂေဟာကိုပါ သွားကြမလား”

“စိတ်မပူနဲ့။ ငါ အားလုံးစီစဉ်ထားပြီးသွားပြီ။ ဒါနဲ့ ပြင်ဆင်လို့ပြီးပြီမလား။ သွားကြရအောင်”

လင်းထင် အစဖော်မှ ထိုကိစ္စကို သတိရသွားသည်။ သည်နေ့က ကျွန်တော့်တူတော်မောင် မျောက်လောင်းလေး၏ မွေးနေ့။ အဖေဖြစ်သူနှင့် အမေဖြစ်သူကို ဘုရားသွားချင်သည်ဟု တကျီကျီ ပူဆာတာက ကိစ္စမရှိ။ ကျွန်တော်နှင့် လင်းထင်ကိုပါ သကောင့်သားလေးက လိုက်ပို့ခိုင်းသည်။

“သွားမယ်။ သွားမယ်။ တော်ကြာ နေမြင့်သွားရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ငါတို့ကို နားညီးနေဦးမယ်”

“ကလေးကို…”

“ငါကရော…”

“မင်းက ကလေးမှ မဟုတ်ဘဲ။ မသိဘူးလား”

နား နားကပ်ကာ တီးတိုးပြောလာသည့် လင်းထင်စကားကြောင့် ကြက်သီးထသွားရသည်။ စိတ်လေသည့် အကြည့်ဖြင့် ကြည့်မိတော့ ပြုံးစစနှင့် မေးဆတ်ပြ၏။

မေးမိတာပဲ ကျွန်တော့်အမှားပါ။

……………………………

မနက်စောစော ဖြစ်နေသည်မို့ နေအပူရှိန်က လူကို ခံသာစေသေးသည်။ ကြားရက်ဖြစ်သောကြောင့် ဘုရားရင်ပြင်ပေါ်တွင် လူသိပ်မများ။ ရင်ပြင်တစ်ပတ် ပတ်ပြီးနောက် ကိုကြီးနှင့် မရီးက နေ့နံထောင့်တွင် ရေသက်စေ့ မီးသက်စေ့ လှူသည်။ ထို့နောက် တူလေးနာမည်နှင့်လည်း ရွှေသင်္ကန်းလှူပေးသည်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now