The End

485 21 0
                                    

Unicode

"ဒါ ဘယ်နေရာလဲ ကမ္ဘာ"

လင်းထင် အမေးကို ပြန်မဖြေဘဲ သူ့လက်ကိုသာ ဆွဲကိုင်ရင်း ဆိုင်တံခါးကိုဖွင့်လိုက်သည်။ တံခါးပေါက်က ဝင်လိုက်ချင်းချင်း ကော်ဖီသောက်ရန်အတွက် စီစဉ်ထားသည့် ကြိမ်ထိုင်ခုံလေးများက စီစီရီရီနှင့် ကြိုဆို၏။ သစ်ပင်အသေးစားကလေးများကိုလည်း စိုက်ပျိုးထားသဖြင့် မြင်ကွင်းတစ်ခုလုံး စိမ်းစိုနေသည်။

နေ့အလင်းရောင်၏ အရှင်သခင်က ညနေဆည်းဆာအဖြစ် ပြောင်းလဲသွားချိန်မို့ ဆိုင်ထဲတွင် ဝါကျင့်ကျင့် မီးလုံးများကို ထွန်းညှိထား၏။ နံရံနားတွင် ရှိနေသည့် စင်မှ စာအုပ်များကို တအံ့တဩ ငေးကြည့်နေသည့် ကျွန်တော့်အမျိုးသားမျက်နှာတွင် အပြုံးများ ကိန်းအောင်းနေသည်။ တစ်ဆက်တည်းဆိုသလို တွေ့ရသည့် ပန်းချီကားချပ်များကြောင့် လင်းထင်က ကျွန်တော့်ကို လှည့်ကြည့်လာသည်။

"ဒါ... ပြခန်းလား။ ကော်ဖီဆိုင်လား"

"အဟင်း... ကော်ဖီဆိုင်ပါ။ စာဖတ်ရတာ ကြိုက်ရင် စာအုပ်ဖတ်ရင်း ကော်ဖီပူပူလေးသောက်၊ ပန်းချီကားတွေ နှစ်သက်ရင် ပန်းချီကားတွေ ငေးရင်း ကော်ဖီနွေးနွေးလေးသောက်ပေါ့"

"စိတ်ကူးက ကောင်းလိုက်တာ။ ဘယ်လိုလုပ်ပြီး အိုင်ဒီယာရသွားတာလဲ ကမ္ဘာ"

"ငါ ပြောဖူးတယ်နော် လင်းထင်။ မေးရဲရင် အဖြေကို ကြားရဲရမယ်ဆိုတာလေ"

လင်းထင်က နံရံမှာ ချိတ်ဆွဲထားသည့် ပန်းချီကားချပ်များကို ငေးကြည့်နေရာမှ ကျွန်တော့်ကို မသိမသာ ကြည့်လာသည်။ စိန်ခေါ်သည့် အကြည့်မျိုးနှင့် ပြန်ကြည့်ပေးလိုက်တော့ သူပဲ အမြဲအရှုံးပေးထားသည့် ပုံစံဖြင့် တစ်ဖက်လွှဲသွား၏။ ထို့နောက် ကျွန်တော် စီစဉ်ထားသည့်အတိုင်း လင်းထင်ပန်းချီကားများ ချိတ်ဆွဲထားသော အပေါ်ထပ်ကို လှေကားကျဉ်းလေးမှတစ်ဆင့် တက်သွားသည်။

"ကမ္ဘာ... မရောက်တာတောင် ကြာပြီနော်။ ဒီမှာ သော့..."

"အလုပ်တွေ ရှုပ်နေလို့ပါ နဒီရာ"

"ဒါဆို ဒီနေ့ ဆိုင်ပိတ်ခိုင်းတဲ့ အကြောင်းက... သူ့ကို ခေါ်လာတာလား။ မဟုတ်မှလွဲရော အပေါ်ထပ်တက်သွားတဲ့ တစ်ယောက်က"

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now