Part 4

360 19 2
                                    

Unicode

မီးခလုတ်ကို ဖွင့်လိုက်ပြီး ဧည့်ခန်းထဲရှိ စားပွဲပေါ်သို့ အိတ်တင်ရင်း ထိုင်ခုံပေါ်တွင် ထိုင်နားမိသည်။ သည်ကနေ့ အရင်လို အပြုံးများဖြင့် နှုတ်ဆက်မည့်သူ မရှိ။ မနေ့ညတုန်းက ခရီးထွက်စရာရှိသည်ဟု ပြောလာသူကို အလုပ်မှာ ပင်ပန်းလာသဖြင့် မေးခွန်းများ စေ့စေ့ပေါက်ပေါက်မမေးမိလိုက်ခြင်းကို နောင်တရချင်လာသည်။

ကျွန်တော်တို့လည်း ယခုနောက်ပိုင်းမှ မကြာခဏဆိုသလို ခွဲခွာနေရ၏။

စားပွဲပေါ်ရှိ အလှပန်းအိုးထားသော နေရာတွင် အဖြူရောင် တစ်ပိုင်းတစ်စလေးကို မြင်လိုက်ရသည်။ ပန်းအိုးကို မ, ကာ ထုတ်ယူကြည့်တော့ ခေါက်လျက်သား စာရွက်လေးဖြစ်နေ၏။

လင်းထင်ကတော့ အခုထက်ထိ စာတစ်တန်ပေတစ်တန် ရေးနေတုန်းပဲ...

ကမ္ဘာ

မနက်အစောကြီး သွားတာမို့ မင်းကို မနှိုးတော့တာ။ အလုပ်သွားခါနီး စာကို မတွေ့ပေမယ့် အိမ်ပြန်ရောက်ရင် တွေ့မယ်လို့တော့ ထင်တယ်။ ခရီးအကြောင်းကို မင်းဘာမှ မမေးပေမယ့်လည်း ပြောရမှာ ငါ့ဝတ္တရားပဲလေ။ ငါ ဒီည မဟုတ်ရင် မနက်ဖြန်အစောပိုင်းလောက်တော့ ပြန်ရောက်မယ်ထင်တယ်။ မန္တလေးနဲ့ ရန်ကုန်က သိပ်မှမဝေးဘဲ။ ပြန်လာရင် မင်းကြိုက်တဲ့ ဗေဒါရွှေကြာလက်ဖက်ဝယ်ခဲ့ပါ့မယ်။

လင်းထင်

စာကြောင်းအဆုံး စိုးရိမ်ပူပန်မှုက ဦးစွာဝင်ရောက်လာ၏။ မန္တလေး... တိုက်တိုက်ဆိုင်ဆိုင် မန္တလေးတဲ့လား...။ ကျွန်တော့်အသက်ရှူသံ ခပ်ပြင်းပြင်းက အိမ်ထဲတွင် ကြီးစိုးနေသည်။ ထို့နောက် ကြောက်ရွံ့မှုက ထပ်ပေါင်းဝင်ရောက်လာပြန်သည်။

"မသိလောက်ပါဘူး။ မန္တလေးက အကျယ်ကြီးပဲကို... လင်းထင်ခေါင်းထဲမှာ အလုပ်ကိစ္စပဲ ရှိမှာပါ"

ဖြေလျော့တွေးရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်ရသည်။ ညအလင်းရောင် ခပ်ဖျော့ဖျော့လေးနှင့်အတူ ကျွန်တော့်စိတ်တွေ နွမ်းလျလှပြီ။ ကျွန်တော် မရှိတဲ့ အခြားတစ်နေရာမှာ ကျွန်တော်စိုးရိမ်ရတဲ့ ကိစ္စမျိုး မဖြစ်ပါစေနဲ့...။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now