Chapter 81

10.9K 1.8K 139
                                    

//Zawgyi//

Chapter 81 : စီနီယာဖေ

______________

ရှန်အိမ်မှာ နှစ်ရက်နေပြီး သာယာကြည်နူးဖွယ်ပိတ်ရက်ကိုဖြတ်သန်းပြီးနောက်  ကုမ္ပဏီကိုပြန်သွားခဲ့တဲ့ကျင်ရွှင်က စီးပွားရေးလှိုင်းအသစ်တစ်ခုကို စတင်ရတော့သည်။

ရိဝေ့ရဲ့အမျိုးမျိုးသော ဓာတ်ခွဲခန်းပရောဂျက်တွေနဲ့တင် ကိုင်တွယ်စရာအများကြီးရှိတာ၊ ကျင်ရွှင်ကအခုသီးခြားဓာတ်ခွဲခန်းအတွက် တာဝန်ရှိနေတာကိုထည့်မပြောနဲ့ဦး။

အရင်အပတ်က ဓာတ်ခွဲခန်းအမျိုးမျိုးကနေ ရွေးချယ်ထားပြီး ယာယီပြောင်းရွှေ့လာတဲ့သုတေသနပညာရှင်တွေအားလုံးဟာ တနင်္လာနေ့မှာ တာဝန်အတွက်တင်ပြလာခဲ့ကြသည်။

သို့တစေ ထိုသို့ဆိုသော်ငြား အသစ်တည်ဆောက်ထားတဲ့AIဓာတ်ခွဲခန်းက လူအင်အားလိုအပ်နေဆဲပင်။ ဒါ့အပြင် အခြားဓာတ်ခွဲခန်းတွေကလည်း တူညီတဲ့ပြဿနာကိုရင်ဆိုင်နေကြရ၏။ ဒီလိုအခြေအနေတွေအောက်မှာ အပြင်ဘက်ကနေ ပါရမီရှင်တွေကိုထပ်ပြီးအလုပ်ခန့်အပ်တာက အရေးတကြီးလိုအပ်မှုဖြစ်လာသည်။

ကျွမ်းကျင်ပါရမီရှင်တွေက အမြဲတမ်း အဓိကကုမ္ပဏီကြီးတွေအတွက် ပြိုင်ဆိုင်မှုသော့ချက်ဖြစ်နေရာ ဘယ်လိုလုပ်သူတို့ကိုလွယ်လွယ်အလုပ်ခန့်နိုင်ပါ့မလဲ?

ဒီအကြောင်းပြချက်ကြောင့် ကျင်ရွှင်က သူ့အာရုံတွေကို သိပ္ပံနည်းပညာတက္ကသိုလ်က သူ့စီနီယာတွေဆီထားလိုက်၏။

ကျောင်းကနေ စီစဉ်ပေးခြင်းမခံရသေးတဲ့ စီနီယာအစ်မချူချောင်လိုလူမျိုးတွေက ဒီအချိန်အတွက်အားလပ်ရက်ရနေတာဖြစ်ပြီး ယာယီအကူအညီရရန်ခန့်အပ်နိုင်ပေသည်။

ဒါကို အလုပ်သင်ဆင်းတာလို့လည်း ယူဆလို့ရသည်လေ။

သူတို့က ဘွဲ့ရကျောင်းသားတွေဖြစ်သော်ငြား သူတို့တကယ်တမ်းအလုပ်လုပ်တဲ့အခါ လုံလောက်တဲ့စွမ်းဆောင်ရည်မရှိပေမဲ့ ကျင်ရွှင်က သူတို့ထဲမှအချို့နဲ့ တူတူပူးပေါင်းလုပ်ခဲ့ဖူးတာမို့ သူတို့ရဲ့အလုပ်ဆိုင်ရာသဘောထားနဲ့ သင်ယူမှုအတွက်စိတ်အားထက်သန်မှုတို့ကို သိရှိပေသည်။ သူတို့သာ ကြိုးကြိုးစားစားလေ့လာဖို့ဆန္ဒရှိသရွေ့ သူတို့တွေလည်း ကဏ္ဍတစ်ခုကနေ သေချာပေါက်ပါဝင်နိုင်လိမ့်မယ်ဟု သူယုံကြည်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now