ဘားရဲ့ မှိုင်းပြကာ စိတ်လှုပ်ရှားဖို့ကောင်းသောမီးရောင်နဲ့ တီးလုံးသံတွေအောက်မှာ လူတွေက စိတ်တက်ကြွစွာ ကခုန်နေကြသည်။
သို့သော် ရှောင်းကျန့်အတွက်တော့ ဒါတွေက စိတ်လှုပ်ရှားဖို့ ကောင်းမနေပါပေ။
"အိုးဟိုး...သခင်လေးရှောင်း...တက်တက်ကြွကြွပေါ့"
ဆံပင်ကိုပန်းရောင်ဆိုးထားကာ မျက်နှာမှာလည်း မိတ်ကပ်ပါးပါးလေးလိမ်းထားပြီး ကြွေရုပ်လေးသဖွယ်ချောမောသည့် အန်းရှီက စိတ်ပျက်စွာပြောလိုက်သည်။
အန်းရှီနဲ့ရှောင်းကျန့်က ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေပင်။သို့သော် ပုံစံကတော့ တခြားစီပါပင်။သူတို့နှစ်ယောက်ဟာ ချမ်းသားသည့်အသိုင်းအဝိုင်းက သားအငယ်ဆုံးတွေဖြစ်တာချင်းတူပေမဲ့ အန်းရှီက နူးညံ့ကာ ထက်မြတ်သည်။ရှောင်းကျန့်ကတော့ ဆိုးသွမ်းကာ psychoဆန်သည်။
ဒီလိုစိတ်ဓာတ်ချင်းကွာခြားပေမဲ့ သူတို့တွေ သူငယ်ချင်းဖြစ်နေတာကတော့ တကယ်ထူးဆန်သည်။တကယ်တော့ အန်းရှီက gayတစ်ယောက်ဖြစ်သည်။သူ့ရဲ့ မိန်းမဆန်သည့်အပြုအမူတွေကြောင့် လူတွေက နောက်ကွယ်မှာ ကဲ့ရဲ့ကြသည်။
သူ့ကိုမကဲ့ရဲ့ဘဲ ဘယ်သူဘာပြောပြော အခင်အမင်မပျက် ပြောဆိုဆက်ဆံပေးတာကတော့ ရှောင်းကျန့်တစ်ယောက်သာရှိသည်။
ထို့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ကူညီရင်း အခုအချိန်ထိ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာတာဖြစ်သည်။
ဒီနေ့ဘားကိုလာရခြင်းကလည်း အန်းရှီမွေးနေ့မို့လို့ပင်။ပုံမှန်ဆို ရှောင်းကျန့်က ကားပြိုင်ပွဲတွေပြိုင်သည်။အခြားသခင်လေးတွေနဲ့အလောင်းအစားတွေလုပ်သည်။သူကြည့်မရသည့်လူတွေဆို ရိုက်နှက်ပစ်သည်။သူက အမြဲစိတ်လှုပ်ရှားနေမှ ကြိုက်နှစ်သက်သည့်လူမျိုးပင်။
"ပျင်းစရာကြီး...အန်း...တစ်ခုခုထူးခြားတာလေး လုပ်မလား"
နားတစ်ဖက်မှာ နားကပ်သုံးရံဝတ်ထားပြီး ဆံပင်ခပ်ရှည်ရှည်ကို စိမ်းပြာရောင်ဆိုးထားသည့်ရှောင်းကျန့်က ပျင်းရိစွာပြောလိုက်သည်။သူ့မျက်လုံးတွေက ပျင်းရိမှုကြောင့် မှေးမှိန်နေပေမဲ့ ကြည့်မိသူတိုင်းကို ကြောင်ငပျင်းလေးအားကြည့်နေရသလို အသည်းယားစေသည်။