တိတ်ဆိတ်လှသည့် ခြံကျယ်တစ်ခုထဲ ထွက်ပေါ်နေသော ကလေးငယ်တစ်ယောက်၏ ငိုသံ။ ခြံကြီး၏ အလယ်ဗဟိုတွင် ဆောက်ထားသော တိုက်အိမ်၏ အပေါ်ထပ် အခန်းတစ်ခုထဲမှနေ၍ လိုက်ကာနောက်ကွယ်ကာ ခြံထဲကပန်းအိုးကြီးနောက်မှာနေရင်း ငိုနေသော ထိုကလေးငယ်အား သူမျက်တောင်မခတ်တမ်းကြည့်နေမိသည်။
လွန်ခဲ့သည့် နာရီဝက်လောက်က ဖြစ်ခဲ့သည့် ကိစ္စလေးအတွက်နဲ့ ဖြစ်နေလိုက်တာများ။ သူ ကဲ့ရဲ့သည့်သဘောနှင့် နှာခေါင်းရှုံ့လိုက်သည်။ ကလေးတွေများမုန်းစရာကောင်းလိုက်တာ။ ထိုကလေးသာ မိန်းကလေးဖြစ်ခဲ့ရင် သူအခုချိန် မြတ်မြတ်နိုးနိုးဖက်ထားရင်း ချောနေမိမှာ။
ထိုအချိန် ခြံထဲဝင်လာသော ကားအနက်တစ်စီးကြောင့် တစ်ကိုယ်လုံးရေခဲရိုက်လိုက်သကဲ့သို့ တောင့်ခဲသွားမိသည်။ ကိုကိုပြန်လာပြီပဲ။ ခြံထဲမှာ ငိုနေတဲ့ ကလေးကိုတွေ့ရင် ပြဿနာဖြစ်ရဦးမည်။
ထိုကားအနက်စက်ရပ်သွားပြီး ကားပေါ်က လူတစ်ယောက်ဆင်းလာသည်။ ကားထဲက ထွက်ထွက်ခြင်းကြားလိုက်ရသည်က ကလေးငယ်၏ နာကျင်စွာငိုရှိုက်သံ။ သွေးသားက စကားပြောသည်ထင် ချက်ချင်းစိတ်ပူသွားရကာ အလောတကြီးလိုက်ရှာမိတော့ ပန်းအိုးကြီးအနောက်ကိုကွယ်ရင်း သူ့လက်သေးသေးလေးများကို ရင်ခွင်ထဲထည့်ဖက်ထားကာ ငိုနေသည့် သားဖြစ်သူကိုတွေ့လိုက်ရသည်။
"သား.. သက္က ဘာဖြစ်လို့လဲ.."
သားလေးရှေ့ ဒူးထောက်ကာမေးလိုက်သည်။ နံရံနှင့် ပန်းအိုးကြားထဲဝင်နေသည့်အတွက် မိမိမှာ လိုက်ဝင်၍မရ။ ထိုကြောင့် ချောင်ထဲက ထွက်လာရန် လက်ကမ်းပေးလိုက်သည်။ သို့ပေမယ့် ကလေးငယ်မှာ နောက်ကိုပိုဆုတ်သွားသည်။
"သားလေး ဘာဖြစ်လို့လဲ.. ဖေဖေ့ဆီ လာပါဦး သားရယ်.. အဲ့နေရာမှာ ပုရွက်ဆိတ်တွေ ကိုက်နေမယ်.. လာ ဖေဖေတို့အိမ်ထဲဝင်ရအောင်.."
ထိုအခါကျတော့ ခေါင်းကို လည်ထွက်မတက် ခါပြလာသည်။ ရှိုက်သံလေးနှောကာ ပြန်ပြောလာသည့် သားလေးကြောင့် ပူပန်နေသည့် စိတ်တို့က ဒေါသအဖြစ်ပြောင်းလဲသွားရသည်။
"သားကို ပါပါးက ပူပူတွေနဲ့လောင်းတယ်.. ပြီးတော့ ငိုတာမရပ်မချင်း အိမ်ထဲမဝင်လာနဲ့တဲ့.. သား ပါပါးကိုကြောက်တယ် ဟင့်.."
YOU ARE READING
နွယ်ရစ်သော ခွာညို (Completed)
Romanceစချစ်တဲ့သူထက် ဆက်ချစ်တဲ့သူက ပိုတယ်တဲ့.. အန်တီက ငယ့်ကို စချစ်ခဲ့ပေမယ့် ငယ်က ဆက်ချစ်ခဲ့ရသူမို့ ပိုတာ အပြစ်လား မမ.. မမ ဆက်မကြိုးစားပါနဲ့.. ငယ့်နှလုံးသားထဲမှာ အန်တီတစ်ယောက်ပဲရှိတာမို့..