တစ်လ။
တစ်လဆိုသည့် တိုတောင်းလှသော အချိန်ကာလအတွင်းမှာ သူ(မ)မယုံကြည်နိုင်သည့် အဖြစ်အပျက်များဖြစ်သွားခဲ့သည်။ ရိုးရိုးတန်းတန်း သန့်ရှင်းရေးလုပ်နေတုန်း စာတစ်စောင်တွေ့သည်။ အန်တီထားခဲ့သည့် စာတဲ့လား။ အစက မယုံချင်ပေမယ့် တကယ့် အန်တီ့လက်ရေးဖြစ်နေသည်မို့။
နောက်တော့ မမဆူးရောက်လာသည်။ အန်တီ အဆုံးစီရင်ဖြစ်သွားတာ တရားခံက မမတဲ့လား။ သူ(မ)တစ်ပတ်လုံးလုံး အိမ်ကြီးထဲတွင် ငိုကြွေးနေခဲ့ရတာ။ တစ်ပတ်ပြည့်တော့ မမလာကြိုသည်။ မကြည်မလင်ဖြစ်နေသည့် သူ(မ)ကိုကြည့်ပြီး မေးသည်။ ဘာဖြစ်လို့လဲတဲ့။
မပြောချင်ပေမယ့် အကြောင်းစုံကို ပြောပြလိုက်ပါသည်။ ပြောပြီးတော့လည်း မမက လက်ထပ်ဖို့ပြန်ပြောသည်။ သို့ပေမယ့် သူ(မ)လက်မခံချင်ခဲ့။ မမ ပြန်ပြောလာသည်က အန်တီ့နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးနိုင်လောက်အောင်အထိ အန်တီ့ကို မချစ်တော့ဘူးလားတဲ့။
အခုတော့ မှန်ထဲမှာ မြင်နေရသည့် သူ(မ)ရဲ့ အဖြူရောင်ပုံရိပ်ကို သူ(မ) နာကျင်စွာ ပြန်ကြည့်နေရပြီ။ နီဖျော့ဖျော့ဆေးတင်ထားသော နှုတ်ခမ်းတို့ တုန်ယင်လာသည်ကို သူ(မ)သတိထားမိပါသည်။ အသက်ပြင်းပြင်းရှူကာ စိတ်ကို ပြန်ဖြေရသည်။ ငိုလို့မဖြစ်သေး။ မိတ်ကပ်တွေ ပျက်ကုန်ရင် ဒုက္ခ။
ဒေါက်ဒေါက်..
တံခါးကိုလာခေါက်သံကြား၍ လှည့်ကြည့်မိတော့ မိတ်ကပ်ဆရာ။
"ညီမလေး.. အဆင်သင့်ဖြစ်ရင် လာခဲ့တော့လေ.."
"ဟုတ်.. ခွာညို လာခဲ့မယ် အကို.."
ခေါင်းညိတ်ပြပြီး ထွက်သွားသောသူ အဝေးရောက်ပြီ ဆိုတာ သေချာမှ မှန်တင်ခုံအံဆွဲထဲ ထည့်ထားသော မောင်းချဓားမြှောင်လေးကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကာ အခန်းထဲမှထွက်ခဲ့သည်။ အန်တီ့ဆန္ဒကိုဖြည့်ဆည်းပေးချင်ပေမယ့် အန်တီ့ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့သည့်အတွက် ခွင့်မလွှတ်နိုင်။
တံခါးပိတ်ထားသည့် ခန်းမ အဝတွင် ရပ်နေသော သူ(မ)ဟာ အဖြူရောင်ဂါဝန်အုပ်အုပ်လေးနှင့် သိပ်ကို လှသည်။ ပုဝါအောက်ကွယ်ထားသည့် သူ(မ)မျက်လုံးထဲတွင်တော့ မုန်းတီးခြင်း အရိပ်တို့ ပြည့်နှက်နေသည်ကိုတော့ မသိနိုင်ပေ။ ဘာသာမဲ့တစ်ယောက်ဟု ခံယူထားသည့် မမက မင်္ဂလာဆောင်သည့်အခါမှာတော့ ခရစ်ယာန်အယူကိုယူသည်။ ထို့ကြောင့် သူ(မ)ဤသို့ ပြင်ဆင်ထားရခြင်းပင်။
YOU ARE READING
နွယ်ရစ်သော ခွာညို (Completed)
Romansaစချစ်တဲ့သူထက် ဆက်ချစ်တဲ့သူက ပိုတယ်တဲ့.. အန်တီက ငယ့်ကို စချစ်ခဲ့ပေမယ့် ငယ်က ဆက်ချစ်ခဲ့ရသူမို့ ပိုတာ အပြစ်လား မမ.. မမ ဆက်မကြိုးစားပါနဲ့.. ငယ့်နှလုံးသားထဲမှာ အန်တီတစ်ယောက်ပဲရှိတာမို့..