Unicode
လူနှစ်ယောက်သာရှိသည့် ထမင်းစားပွဲဝိုင်းလေးဟာ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ အသားဖြူဖြူနှင့်ကောင်လေးသည် သူ့အရှေ့မှ ထမင်းပန်းကန်အား သတိလက်လွတ်ငေးနေကာ ထမင်းပန်းကန်ထဲရှိ ဟင်းတုံးများအား ဇွန်းဖြင့် ထိုးဆွလျက်ရှိသည်ကို မိခင်ဖြစ်သူက တိတ်ဆိတ်စွာ ထိုင်ကြည့်နေသည်။ ထိုတိတ်ဆိတ်နေသည့် ထမင်းဝိုင်းကို ဒေါ်သန္တာစိုး လေသံချိုချိုလေးဖြင့် ဖြိုခွဲလိုက်ပါ၏။
"သား ထမင်းစားလို့မကောင်းဘူးလား"
သူမ အသံကြားကာမှ သားက ထမင်းပန်းကန်ကိုငေးနေရာကနေ သူမအား မော့ကြည့်လာသည်။ ဒီရက်ပိုင်း သားရဲ့အပြုံးလေးတွေကို မမြင်ရတာကြာပြီ။ ဒီနယ်မြို့လေးကို ပြောင်းလာပြီးကတည်း ရွှင်ရွှင်ပြပြဖြစ်နေတဲ့သားက ရုတ်တရက် ငေးငိုင်နေတာကို မြင်ရတော့ သူမရင်ထဲ စိုးရိမ်စိတ်တို့က ဝင်လာသည်။ သူမရဲ့သားဟာ စိတ်ဒဏ်ရာရှိနေသူ တစ်ဦးမဟုတ်လား။ မတော်၍ သူမရဲ့သား သာ အရင်တစ်ခါလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါလျှင် သူမ ရင်ကွဲနာကျပြီး သေဆုံးရပါလိမ့်မည်။ သားက ဘာဖြစ်နေတာပါလိမ့်။
"နေမကောင်းဘူးလား သား။ ဒီရက်ပိုင်း ငေးငေးငိုင်ငိုင်နဲ့ မေမေဖြင့် သားကို
ကြည့်ရတာ အားမရလိုက်တာကွယ်။ စာတွေလုပ်ရတာ ပင်ပန်းလို့လားသား"သူမ တရစပ် မေးနေသည့်တိုင် သားဟာ တိတ်ဆိတ်စွာ သူမအား ငေးနေသည်။ သူမကို ငေးနေသည့် သားရဲ့ မျက်ဝန်းတို့က ဝမ်းနည်းနေဟန်။ သူမ အားတောင်းပန်တိုးလျှိုးနေဟန်။
သားကိုကြည့်ပြီး သူမရင်ထဲ အတိုင်းအဆမရှိပူလောင်လာရသည်။ သားက ဘာဖြစ်လို့ သူမကို ဒီလိုအ
ကြည့်မျိုးနဲ့ကြည့်နေရတာလဲ။ ခဏနေတော့ သားက ခေါင်းငုံ့သွားပြန်သည်။ သူမရဲ့သား ဘာဖြစ်နေတာလဲဆိုတာ သူမ အခုချိန်ထိ ခန့်မှန်း၍မရသေး။"သား တောင်းပန်ပါတယ် မေမေ"
အဆုံးသတ်၌ တုန်ယင်နေသည့် အသံလှိုင်းလေးဟာ သူမရဲ့သား ငိုနေပါသည် ဆိုတဲ့ သဘောကို ဆောင်နေဟန်။ သူမ ထိုင်နေရာကနေထပြီး သားရှိရာသို့ လျှောက်သွားလိုက်သည်။