Unicode
ညွှန်း မနေ့ကထက် စောစွာ ကျောင်းသို့ ထွက်လာခဲ့သည်။ မနေ့က ကျောင်းစဖွင့်သည့်ရက်ဖြစ်တာကြောင့် လူရှုပ်နေ၍ မိမိ စာသင်ကြားရာ စာသင်ဆောင်ကို သေချာ မကြည့်မိ၍ ဒီနေ့မှ စာသင်ဆောင်ရှေ့ မတ်တပ်ရပ်ကာ သေချာကြည့်ရသည်။
ညွှန်း တို့ စာသင်ဆောင်က စိမ်းပြာရောင် သုတ်ထားတဲ့ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အပေါ်ထပ်တွင် စာသင်ခန်း လေးခန်း၊ အောက်ဘက်တွင် လေးခန်းရှိသည်။ စာသင်ဆောင်၏ အလယ်ဗဟိုချက်
တည့်တည့်တွင် အပေါ် အောက် အဆင်းအတက်ပြုရန် လှေကားရှိသည်။အောက်ထပ်တွင်ရှိသည့် လေးခန်းတွင် အဆင်းအတက်ပြုရာလှေကား၏ ယာဘက်ရှိ နှစ်ခန်းသည် နဝမတန်းဖြစ်ပြီး ၊ လှေကား၏ ဝဲဘက်တွင်တော့ နဝမတန်း(C)နှင့် ညွှန်း တို့ စာသင်ရာ ဒဿမတန်း (A)ဖြစ်သည်။ အပေါ်ထပ်ရှိ အခန်းလေးထဲတွင် တစ်ခန်းသည် ဘုရားဝတ်ပြုခန်း ဖြစ်ပြီး ကျန်သုံးခန်းသည် ဒဿမတန်း ဘောဂဗေဒဘာသာရပ် ယူထားသူများ သင်ကြားရာ အခန်းများဖြစ်သည်။
နှစ်ထပ်ကျောင်းဆောင်ရှေ့တည့်တည့်တွင် ကာလကြာရှည်နေပြီဖြစ်တဲ့ မဲဇလီပင်များရှိပြီး ၊ ထိုမဲဇလီပင်များ၏ အရှေ့တွင်ရှိသည့် မြေနေရာလွတ်တွင် စက်ဘီးများ ရပ်ရသည်။
"ဟိတ် ! ဘာတွေ ငေးနေတာလဲ?"
ပုခုံးထက်သို့ လက်တစ်ဖက်ရောက်လာခြင်းနှင့်အတူ ၊ နားစည်သို့ရိုက်ခတ်လာသည့် ရင်းနှီးနေပြီဖြစ်တဲ့ သြရှရှလေသံလေး။ ဒီအသံကိုကြားတာနဲ့ ညွှန်း ကို ဖက်ထားသူဟာ ဘယ်သူဘယ်ဝါဆို တန်းသိတာကြောင့် ထိုလူအား ညွှန်း
လှည့်မကြည့်ဖြစ်။ အရှေ့တည့်တည့်ရှိ နှစ်ထပ်ကျောင်းဆောင်ကြီးကိုသာ
ကြည့်မြဲကြည့်နေသည်။ ဒီစာသင်နှစ်ပြီးရင် ဒီကျောင်းဆောင်ကြီးနဲ့ ခွဲခွာရတော့မှာ မဟုတ်လား။ဘေးတိုက်မြင်နေရသည့် ညွှန်းရဲ့ မျက်နှာဖွဲ့စည်းပုံကို မောင် သေချာ အသေးစိတ် ကြည့်နေမိသည်။ မထူသော်လည်း ၊ အတော်အသင့်ရှိသည့် နက်ဆွေးနေသည့် မျက်ခုံးတန်းနှစ်သွယ်၊ အထက်သို့ ကော့ညွှတ်နေသည့် မျက်တောင်ရှည် စိပ်စိပ်ကလေးများ၊ အံ့သြစရာ တစ်ခုခုပြောတိုင်း မျက်မှန်ဝိုင်းလေးအောက်ကနေ စူးစိုက်ကြည့်လာတတ်တဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတစ်စုံ၊ ဖြောင့်စင်းနေသည့် ခပ်မြင့်မြင့် နှာတံလေးနှင့် ထူသယောင်ရှိသည့် ပန်းသွေးရောင် နှုတ်ခမ်းတစ်စုံက ဖြူသန့်သန့် မျက်နှာပြင်ထက် သူ့နေရာနှင့်သူ အချိုးကျကျ တည်ရှိနေသည်။ အသားဘယ်လောက်ဖြူသလဲဆိုလျှင်၊ ဖြူနုနေသည့် ပါးပြင်ထက်၌ ယှက်ဖြာနေတဲ့ သွေးကြောမျှင် စိမ်းစိမ်းကလေးများအား မြင်ရသည်အထိပင်။