Unicode
အဖြူရောင်လွင်ပြင်ဟု တင်စားရလောက်အောင် Baby's Breathဟုအမည်တွင်သော အဖြူရောင်
ကြယ်ပန်းပင်များသည် အရပ်ရှစ်မျက်နှာ လက်ညှိုးထိုးမလွဲ ပေါက်ရောက်နေ၏။ ရာသီဥတု သာသာယာယာရှိပြီး လေပြေလေးကလည်း ညင်းညင်းသွဲ့သွဲ့ တိုက်ခတ်နေပါ၏။ထိုကြယ်ပန်းခင်းကြီး၏ အလယ်တွင် ကောင်လေးနှစ်ယောက်ဟာ လက်ချင်းယှဥ်တွဲကာ ပျော်ရွှင်စွာ ပြေးလွှားနေကြသည်။ ထိုကောင်လေးနှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးနေကြ၏။ ထိုအပြုံးများသည် အဖြူရောင် ကြယ်ပန်းလေးများနည်းတူ ဖြူစင်၏။ လေပြေညင်းလေးများနည်းတူ လတ်ဆတ်နေ၏။
"မောင် ငါမောနေပြီ... ခဏနားရအောင်"
မောင်က ခေါင်းညိတ်ပြကာ ကြယ်ပန်းခင်းကြီး၏ အလယ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် ညွှန်းလက်တစ်ဖက်ကို ဆွဲကာ ရင်ခွင်ထဲဆွဲထည့်လိုက်ရင်း မောင့် ပေါင်ပေါ်တွင်ထိုင်စေသည်။
"မောင် ငါလည်း အောက်မှာထိုင်မယ်လေ"
ထိုသို့ဆိုတော့ မောင်က ခေါင်းခါပြသည်။ ထို့နောက် ညွှန်း လည်တိုင်ကို မောင့် နှုတ်ခမ်းတို့ဖြင့် ခပ်ဖွဖွ ပွတ်ဆွဲရင်း နမ်းရှိုက်နေပြန်သည်။
"မောင်က ညွှန်းကိုယ်ပေါ်မှာ
မြေမှုန်မြေစလေးတွေ ကပ်ငြိနေမှာကိုတောင် သဝန်တိုတာမို့ မောင့် ပေါင်ပေါ်မှာပဲ ထိုင်နော်"မောင့် စကားကြောင့် ညွှန်းတစ်ကိုယ်လုံး ရှိန်းတိန်းတိန်းဖြစ်သွားရသည်။ မောင်ဟာလေ လူကို ဘယ်လိုချုပ်ရမလဲဆိုတာ အချိန်ပြည့်တွေးနေသလားပဲ။ ဒီကောင်ကလည်း မောင့်ဆီက အဲ့လိုစကားမျိုးများ ကြားလိုက်ရလျှင် တစ်ကမ္ဘာလုံး အပိုင်စားလိုက်ရသလို ပြုံးဖြီးနေတတ်တာ။
"ရှင်းရှင်း ပြောရရင် ညွှန်း ကိုယ်ပေါ်က အဝတ်အစားတွေတောင် မောင် မနာလိုဖြစ်တယ် သိလား"
"ဘာလို့လဲ"
မောင့်ရင်ခွင်ထဲကနေ မောင့်မျက်နှာကို မော့ကြည့်ကာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးတော့ မောင်က ညွှန်းရဲ့ မျက်ခွံလေးများအား အနမ်းခြွေလာ၏။