Unicode
နမ့်ပဒေါင်းရွာ၏ အတော်ဆုံး၊ လက်သမားပညာတွင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော လက်သမားဆရာ ကိုစိုင်းမော် ဦးဆောင်သည့် လက်သမားအဖွဲ့၏ ဆောက်လုပ်မှုကြောင့် စာသင်ကျောင်းကလေးဟာ နှစ်ရက်တာအချိန်ကာလတိုအတွင်း အကောင်အထည်ပေါ်လာခဲ့လေသည်။
ပေနှစ်ဆယ်ပတ်လည် သွပ်မိုး ထရံကာ ကျောင်းဆောင်လေးဟာ ကျောင်းသူ၊ကျောင်းသား ဦးရေ အယောက်သုံးဆယ်ခန့် ဝင်ဆံ့လောက်သည်။ ကြမ်းခင်းကိုတော့ ဝါးပိုးဝါးကိုခွဲကာ ကြမ်းခင်းပြုလုပ်ပေးထားသည်။ ခေါင်းရင်းဘက်တည့်တည့်ရှိ ခေါင်တိုင်တွင် ဘုရားကျောင်းဆောင်တစ်ခုကိုလည်း ကပ်ရိုက်ပေးထားသေး၏။ စာသင်ဆောင် အခန်းတွင်းအခြေအနေကိုလေ့လာပြီးသည်နှင့် ကျောင်းအရှေ့ဘက်၌ အကြမ်းရည်ထိုင်သောက်နေသော ကိုစိုင်းမော်တို့ အဖွဲ့ရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။
"စာသင်းကျောင်းလေးအတွက် ကျေးဇူးတင်ပါတယ်နော် ကိုစိုင်းမော်"
အပြုံးတစ်ပွင့်ဆင်မြန်းကာ ကျေးဇူးတင်ကြောင်းဆိုတော့ ကိုစိုင်းမော် က စာသင်ကျောင်းကို ကြည့်လျက်ပင် ခေါင်းညိတ်ပြသည်။
"ငါတို့ကိုကျေးဇူးတင်တယ်ဆိုရင် ငါတို့ကလေးတွေကို ပညာတတ်တွေဖြစ်အောင် သင်ကြားပေးပါ"
"ဒါကတော့စိတ်ချပါ... ဒီရွာက ကလေးတွေ ပညာတတ်ကြီးတွေဖြစ်ဖို့က ကျွန်တော်ဒီရွာကိုလာရခြင်းရဲ့ ရည်ရွယ်ချက်ပါ"
သူ့စကားကို ကိုစိုင်းမော်က ခေါင်းတဆတ်ဆတ်ညိတ်ပြကာ ထောက်ခံသည်။ ဘေးမှ ကိုစိုင်းမော်ရဲ့ တပည့်များကလည်း ကိုစိုင်းမော် နည်းတူ ခေါင်းတညိတ်ညိတ်ပင်။ ကိုစိုင်းမော်က ကွပ်ပျစ်ပေါ်ချထားသည့် အကြမ်းရည်ထည့်ထားသော ခွက်ကိုကောက်ကိုင်ကာ မော့သောက်လိုက်ပြီး
"စာသင်ကျောင်းလည်း ဆောက်လို့ပြီးပြီဆိုတော့ ငါတို့ပြန်တော့မယ်... ကျန်တာတွေကို နင်တစ်ယောက်တည်း လုပ်လို့အဆင်ပြေပါ့မလား... ငါ့လူတွေ ထားခဲ့ပေးရမလား"
သူ့လူတွေဘက်ကို လက်ညှိုးထိုးကာဆိုလာတဲ့ ကိုစိုင်းမော်ရဲ့ စကားကို သူငြင်းပယ်လိုက်သည်။ သူတို့လည်း ပင်ပန်းနေကြလောက်ရောပေါ့။