Unicode
"မနေ့ကဆရာအိမ်စာပေးလိုက်တဲ့ ပုစ္ဆာတွေတွက်လာခဲ့ကြလား သားတို့သမီးတို့"
ကျောက်သင်ပုန်းပေါ်မှ မနေ့ကသင်ကြားခဲ့တဲ့ သင်ခန်းစာတွေကို ဖျက်စရာအဖြစ်အိမ်ကယူလာတဲ့ အဝတ်စဟောင်းနဲ့ ဖျက်နေရင်းမေးလိုက်တော့ ပြန်ဖြေသံ တစ်စွန်းတစ်စပင်မကြားရ။ တစ်တန်းလုံးမှာ လူ သုံးဆယ်ရှိသည့်တိုင်အောင် အယောက်စေ့ ငြိမ်နေကြပုံထောက်လျှင် တစ်ယောက်မှ အိမ်စာလုပ်မလာပုံရသည်။
အိမ်စာလုပ်မလာတာ၊ စာသင်နေချိန် ကျောင်းစာထဲမှာစိတ်မဝင်စားတာတို့ဆို ညွှန်း အင်မတန်ပင်စိတ်ဆိုးဒေါသထွက်ပါသည်။ ညွှန်း ကိုယ်တိုင်လည်း ကျောင်းသားဘဝတုန်းက ဆရာ၊ဆရာမပေးလိုက်သည့် အိမ်စာမှန်သမျှအကုန်လုပ်ခဲ့သည်ချည်းသာ။ သူ့လက်အောက်မှာ သူသင်ကြားပို့ချမှုကို ခံယူနေသည့် သူ့တပည့်တွေကိုလည်း သူ့လမ်းစဥ်အတိုင်း လျှောက်လှမ်းစေချင်သည်။ ထို့အတွက်ကြောင့် ဂရုဏာဒေါသော စိတ်ကလေးဝင်မိသည်သာ။ ပုံမှန်ဆို သူ့စိတ်အခြေအနေအရ ထသောင်းကျန်းမိမှာမှန်ပေမယ့် ကျောင်းစဖွင့်သည်မှာ တစ်ပါတ်ပင်မပြည့်သေးသည်မို့ ငယ်ထိပ်တက်ဆောင့်နေသည့် ဒေါသစိတ်ကလေးကို လေပူတစ်ချက်မှုတ်ထုတ်ပြီး တစ်ထစ်လျှော့ချလိုက်ရသည်။ တော်ကြာ ဆရာလေးက အပေါက်ဆိုးတယ်၊ အရိုက်ကြမ်းတယ်ဆိုပြီး တစ်ယောက်မှကျောင်းမလာကြတော့မှ ဟုတ်ပေ့ဖြစ်နေဦးမည်။ ညွှန်း ကျောက်သင်ပုန်းသန့်ရှင်းရေးလုပ်ခြင်းကို ရပ်တန့်လိုက်ကာ ကျောင်းသားတွေရှိရာသို့ မျက်နှာမူလိုက်သည်။
"ဆရာမေးတာကို တစ်တန်းလုံးပြန်မဖြေကြဘူးဆိုတော့ တစ်ယောက်မှအိမ်စာလုပ်မလာဘူးဆိုတဲ့ သဘောပေါ့"
လက်ထဲက အဝတ်စကို စားပွဲပေါ်ချလိုက်ကာ လက်မှာကပ်နေတဲ့ မြေဖြူအမှုန်အမွှားတွေကို လက်ဖဝါးနှစ်ဖက်ပွတ်တိုက်ကာ ဖယ်ရှားလိုက်ပြီး စားပွဲပေါ်လက်ထောက်၍ ဖြေသံကိုနားစွင့်နေလိုက်သည်။ အပိုစောင်းအနေနဲ့ ရှုတည်တည်မျက်နှာပေးလေးနဲ့ပါ စိုက်ကြည့်ပေးလိုက်တော့ တစ်တန်းလုံး မျက်နှာလေးတွေအိုကျသွားကြကာ ခေါင်းငိုက်သွားကြသည်။ သို့သော် သူလိုချင်တဲ့ကို အဖြေကိုမရသေး။ တိတ်ဆိတ်မြဲ။ တိတ်ဆိတ်နေဆဲသာ။