မေယုက အားတဲ့အချိန်လေးတွေမှာ ကော်စိလေးတွေနဲ့ အရုပ်လေးတွေ လုပ်တက်တဲ့
အကျင့်ကရှိသေး။မှတ်မှတ်ရရ ကျွန်တော် ၇ တန်းနှစ်တုန်းက အတန်းထဲမှာ မေယု ကော်စိလေးတွေနဲ့ အရုပ်လေးထိုးရင်း ကြိုးပျက်သွားတော့ သူ့ကော်စိလေးတွေက ခုံအောက်ပြန့်ကျဲကုန်တာပေါ့။မေယုက သူပြုတ်ကျသွားတဲ့ ကော်စိလေးတွေကို ပြန်မကောက်ခဲ့ပါဖူး။ မိန်းခလေးဆိုတော့ ရှက်လို့ထင်ပါရဲ့။ဒီလိုနဲ့ ညနေ ကျောင်းဆင်းတော့ ကျွန်တော် အတန်းထဲမှာ မေယု ပြုတ်ကျခဲ့တဲ့ ကော်စိလေးတွေကို လိုက်ကောက်ခဲ့တယ်။ ပြီးရင်မေယုကို ပြန်ပေးမယ်။ အဲ့မှာ မေယုက သူ့ကော်စိလေးတွေကိုကောက်ပေးထားတဲ့အတွက် ကျွန်တော့်ကို ကျေးဇူးတင်စကားလာပြောမယ်ဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဟန်ကျနေခဲ့တာပေါ့။
ဒါပေမဲ့ စိတ်ကူးဆိုတာ စိတ်ကူးသက်သက်ပါပဲ။ လက်တွေ့မှမဟုတ်တာ။ တကယ်တမ်း ကျွန်တော် မေယုကို ပြန်ပေးမယ်လုပ်တဲ့အချိန် သွေးပျက်သွားသလိုပါပဲ။ စကားပြောဖို့နေသာ မေယုရဲ့အနားတောင်မသွားရဲ့ခဲ့ပါဖူး။ အဲ့တုန်းက မေယုကို ကြောက်ပြီး ရှိန်နေတယ် လို့ပဲပြောရမလား မေယုရဲ့ ကော်စိလေးတွေကို လုံး၀ပြန်မပေးြဖစ်တော့ပဲ သူမသိအောင် ကျွန်တော် ဘာသာ သိိ်မ်းထား ဖြစ်ခဲ့ပါတော့တယ်။
မေယုနဲ့ ပတ်သက်ပြီး ၇ တန်းနှစ်ရဲ့ ဒုတိယ အမှတ်တရတစ်ခုရှိနေပါသေးတယ်။ အဲ့ဲဒါကတော့ ကရင်နှစ်သစ်ကူး ညမှာ မေယုကို သွားချောင်းတာပါပဲ။ ကျွန်တော်တို့ မြို့မှာက နှစ်တိုင်း နီးပါ ကရင်နှစ်သစ်ကူးပွဲတော်ကို ဒုံးယိမ်းအက အလှတွေ ရိုးရာ ၀တ်စုံတွေနဲ့လုပ်လေ့ရှိတယ်။ မေယုက ကရင်မလေးဆိုတော့ ကရင်နှစ်သစ်ကူးပွဲတော်နေ့တွေဆို သူ့မိသားစုနဲ့အတူ လျှောက်လည်လေ့ရှိတယ်။ ကျွန်တော်လည်း အဲ့နေ့ညက ပွဲတော်ထဲမှာ မေယုကို တွေ့ရမယ်ဆိုတဲ့ အထင်နဲ့ သွားလည်ခဲ့ပါသေးတယ်။ ထင်တဲ့အတိုင်းပါပဲ။ မေယုကို ကရင်အင်္ကျီအဖြူလေးနဲ့ တွေ့ခဲ့ရပါတယ်။ သူလည်းကျွန်တော့်ကို တွေ့မှာပါ။ ဒါပေမဲ့ အဲ့တုန်းက တစ်ယောက်နဲ့ တစ်ယောက်က စကားမပြောကြတော့ နှစ်ယောက်စလုံး ခပ်တည်တည်လေးတွေနဲ့ပါပဲ။
၇ တန်းဆိုတဲ့ စာသင်နှစ်ပြီးလို့ ကျွန်တော်ရဲ့ ၈ တန်းကျောင်းသား ဘ၀မှာတော့ မေယုနဲ့ ပတ်သက်ပြီး အခုထိ သတိရနေတဲ့အရာလေးတစ်ခုရှိပါသေးတယ်။ တစ်ခြားတော့ မဟုတ်ပါဖူး သီချင်းစာသားပါ။ အဲ့အချိန်တုန်းက ကိုဇော်ပိုင်ရဲ့ ပြည့်စုံလွန်း ဆိုတဲ့သီချင်းလေးကလည်း ဟောင်းနေပေမဲ့ ခေတ်စားနေတုန်းပဲလေ။ လူတော်တော်များများကလဲ ကြိုက်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့သီချင်းလေးရဲ့စာသားထဲမှာ မေယုရဲ့ ထိပ်ဆုံးနာမည်လေးဖြစ်တဲ့ မေ ကလည်းပါနေတယ်လေ။ ကျွန်တော်ကလည်း နဂိုထဲက မေယုကို ကြိတ်သဘောကျနေခဲ့တာဆိုတော့ အဲ့သီချင်းလေးရဲ့ စာသားလေးကို စာရွက်လေးတစ်ခုနဲ့ ရေးပြီး သမိုင်းစာအုပ်ထဲမှာ ညှပ်ထားခဲ့မိတယ်။
ကျွန်တော့်ရဲ့ ကံတရားက ကံကောင်းချင်တာလား ဆိုးချင်တာလားတော့ မသိ ကျောင်းမှာ သောကြာနေ့ သမိုင်းစာအုပ်တွေကို အမှတ်ခြစ်ဖို့ ထပ်ရတော့ သီချင်းစာရွက်ကို ပြန်ယူထားခဲ့ဖို့ မေ့သွားခဲ့တယ်။ ထိုနေ့ ကဖြစ် ချင်တော့ ဆရာမကလည်းကောင်းကောင်းနေမကောင်းတာနဲ့ သမိုင်းစာအုပ်တွေကို အမှတ်မခြစ်နိုင်ဖူး။ အမှတ်ခြစ်ဖို့ မေယုကို အကူညီတောင်းခဲ့တယ်။ ဆရာမက အကူညီတောင်းတယ်ဆိုတော့လည်း မေယုက လုပ်ပေးရတာပေါ့။ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် အမှတ်ခြစ်ရင်း ကျွန်တော့် စာအုပ်အလှည့်ကို ရောက်လာခဲ့တယ်။
မေယု ကျွန်တော့်ရဲ့သမိုင်းစာအုပ်ကို အမှတ်လည်းခြစ်ရော ထင်တဲ့အတိုင်းပဲ သီချင်းရေးထားတဲ့စာရွက်ကြီးက ထိပ်ဆုံးကထွက်လာပါလေရော။ ကျွန်တော့်မှာ မေယုစာရွက်တွေ့သွားတာကို မြင်ပြီး ထိုင်ရမလို ထရမလိုနဲ့ ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပဲ ချွေးပြန်သွားတယ်။ ဆရာမနဲ့ပဲတိုင်မလား ငါပဲပြသနာတက်ပြီလားပေါ့။ A အခန်းထဲမှာကလည်း မေ နာမည်တာဆိုလို့ သူတစ်ယောက်ပဲရှိတာလေ။
ဒါပေမဲ့ တော်သွားသေးတယ်ပဲပြောရမယ် မေယုက သီချင်းစာရွက်ကို မသိချင်ယောင်ဆောင်ပြီး ကျော်သွားပေးခဲ့တယ်။ ပြီးတော့မှ ကျွန်တော့်စာအုပ်ကို အမှတ်ခြစ်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ပေးခိုင်းလိုက်တယ်။ အဲ့တုန်းက သီချင်းစာရွက်ကို မေယုက မသိချင်ယောင်ဆောင်ပေးခဲ့ပေမဲ့ ကျွန်တော်မှာတော့ ထိုင်ခုံမှာ ထိုင်မရ ထမရနဲ့ မျက်နှာပူနေရတဲ့ အဖြစ်အပျက်ကတော့ ဒီနေ့အထိကို မမေ့နိုင်စရာတွေထဲက တစ်ခုပါပဲ။
( --- မှတ်ချက် ။ ။ တကယ်လို့ မေယု မဟုတ်ပဲသမိုင်းဆရာမသာ သီချင်းစာသားကို တွေ့သွားခဲ့ရင် တကယ် မတွေး၀ံ့စရာပါပဲနော် --- )။
YOU ARE READING
I wrote about May Yu - (ကျွန်တော်ရေးခဲ့ဖူးသော မေယု အကြောင်း)
Romance" ကျောင်းသားဘ၀မှာထဲက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ကံကောင်းသွားတာတွေ၊ တလွဲတွေဖြစ်သွားတာတွေ၊ စိတ်ညစ်ရတာတွေ စတဲ့ အမှတ်တတွေ အကြောင်းကို ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ Romantic Comendy ဆန်ဆန် ရေးထားတာပါ။ "