Love + Love

208 13 36
                                    

Islands of Freedom (လွတ်လပ်ခြင်းကျွန်းစုနိုင်ငံ) အနောက်ပိုင်း၊ အိတ်ချ်မြို့အနီးတစ်နေရာ။ နိုင်ငံပိုင် ထိပ်တန်းလေတပ်ဖြစ်သည့် အမတသိန်းငှက်စစ်သည်များတပ်မှ စကိုင်းဟော့ခ်တိုက်လေယာဉ်တစ်စင်းသည် နိုင်ငံ၏ အပြောကျယ်သော ကောင်းကင်ထက်၌ လေ့ကျင့်ပျံဝဲလျက်ရှိသည်။ အပူချိန် အနုတ်လက္ခဏာအောက်ရောက်ရှိသော ဆောင်းရာသီမနက်ခင်းတစ်ခုဖြစ်ရာ မိမိလေယာဉ် ဖြတ်သန်းကျော်ဖြတ်နေရသည်က တိမ်စိုင်လေလား၊ မြူထုလေလားပင် မသဲကွဲလှ။

ထက်ဝန်းကျင်တစ်ရပ်လုံးသည် အဖြူရောင်အခိုးအငွေ့များဖြင့် ရစ်သိုင်းပိန်းပိတ်နေခဲ့သည်မို့ လေသူရဲသည် မိမိရှေ့ရှိ ဒီဂျစ်တယ်စခရင်၏ အလိုအလျောက်လမ်းကြောင်းပြစနစ်ကိုသာ အားပြုမောင်းနှင်နေခဲ့ရသည်။ စခရင်တွင် ပြသနေသော အစိမ်းရောင်လမ်းကြောင်းပေါ်ရှိ အနီရောင်အမှတ်အသားလေးအရ မိမိလေယာဉ်သည် ယနေ့လေ့ကျင့်ပျံသန်းရမည့် နယ်နိမိတ်ဖြစ်သည့် အိတ်ချ်မြို့အစွန်ရှိ တောင်တန်းများအနီးသို့ ရောက်ရှိနေပြီမှန်းသိလိုက်သည်။ လေ့ကျင့်ရေးလမ်းကြောင်း၏ အဆုံးသတ်နေရာကိုရောက်ပြီဖြစ်၍ နောက်ကြောင်းပြန်မောင်းနှင်ရန်အလို့ငှါ လေသူရဲသည် မိမိရှေ့ရှိ ထိန်းချုပ်ခလုတ်တချို့ကို နှိပ်လိုက်၏။

ဒီဂျစ်တယ်စခရင်ကို အာရုံပြုရင်း လေယာဉ်ကို နောက်ကြောင်းပြန်လှည့်ရန် ကြိုးပမ်းနေခိုက် ရုတ်တရက်ဆိုသလို လေသူရဲ၏ မျက်လုံးထောင့်မှ တွေ့မြင်လိုက်ရသည့် တစ်စုံတစ်ရာ။ စက္ကန့်ပိုင်းအကြာ၌ အေးစိမ့်မှုဖြင့် အိပ်မောကျနေခဲ့သော ဆောင်းရာသီ၏ မနက်ခင်းတစ်ခုသည် ကျယ်လောင်သောပေါက်ကွဲသံကြီး၏ အတင်းအကြမ်းလှုပ်နှိုးခြင်းကို ခံလိုက်ရတော့သည်။ လေသူရဲ၏ စကိုင်းဟော့ခ်လေ့ကျင့်ရေးတိုက်လေယာဉ် ပျက်ကျသွားခဲ့လေပြီ။

-----

ဒုန်း!!!

ကျွန်းစားပွဲပေါ် အားနှင့်ထုချလိုက်သံသည် ပေနှစ်ဆယ်ပတ်လည်ရှိသော အစည်းအဝေးခန်းမထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"မင်းတို့တွေ အလုပ်ကိုဘယ်လိုတွေလုပ်နေကြတာလဲ!! ဒါ ဒီနှစ်ဝက်အတွင်းမှာ လေးစီးမြောက်ကွ။ စကိုင်းဟော့ခ်တစ်စီးရဲ့တန်ဖိုး ဘယ်လောက်လဲဆိုတာ မင်းတို့သိကြလား။ ဒေါ်လာသန်းနှစ်ဆယ်ကွ၊ ဒေါ်လာသန်းနှစ်ဆယ်! မင်းတို့ဆယ်နှစ်ကျွန်ခံတောင် မရှာနိုင်တဲ့ပမာဏကွ၊ နားလည်ကြလား။ အခု ငါ့ကိုအထက်ကမေးနေပြီ၊ ဒီကိစ္စကိုဘယ်လိုတာဝန်ခံမလဲတဲ့။ ကဲ မင်းတို့ပြော၊ ပြောကြလေ!"

30° to the Night Sky Where stories live. Discover now