AMARANTH ~ 2

392 47 29
                                    

[Unicode]

"ကိုရီးယားရဲ့ နွေရာသီကို မှတ်မိသေးရဲ့လား"

လမ်းမကြီးအတိုင်း လျှောက်လာရင်းက လှေကားထစ်တွေကို နင်းဖြတ်နေတုန်းမှာ ကျွန်တော် ဂျုံဆောင်းကို မေးလိုက်တယ်။ မမြင်တာ ကြာတဲ့ ဂျုံဆောင်းကတော့ တောင်တောင်မြောက်မြောက် ငေးမောနေလေရဲ့။ သူ့အတွက် ဒီလမ်းမရဲ့ ပြောင်းလဲသွားတဲ့ အရာတွေ သို့မဟုတ် ပြောင်းလဲလာတဲ့ အရာတွေက အထူးအဆန်း ဖြစ်နေပုံ ပေါ်ပါတယ်။

"နည်းနည်းတော့ မှတ်မိတယ်။ ဒါပေမဲ့ ၁၀ နှစ်သားဆိုတာ လောကအကြောင်း အနည်းအကျဉ်းလောက် သိသေးတာပဲလေ။ ကိုရီးယားရဲ့ နွေရာသီက ပူတယ်ဆိုတာလောက်ပါပဲ။"

အမေရိကန်နဲ့ ယှဉ်ရင် အတူတူလောက်ပဲ ရှိမလား ကျွန်တော် တွေးလိုက်မိတယ်။ ဒါပေမဲ့လည်း ကျွန်တော်မှ မရောက်ဖူးဝာာ ဘယ်သိပါ့မလဲ။

"ဆီယတယ်နဲ့ ယှဉ်ရင် ဘယ်လိုလဲ"

ပူတာအပြင် လေပါ ရောပါတဲ့ ရာသီဥတုက ဂျုံဆောင်းရဲ့ ဆံပင်စတွေကို လှုပ်ခတ်သွားစေတယ်။ သူ့နဖူးစပ်မှာ ချွေးစတချို့ တင်နေတာမို့ ပူနေပုံ ပေါ်ပါတယ်။

"ဆီယတယ်က နွေရာသီမှာ လာလို့ အကောင်းဆုံး နေရာပဲ။ ပင်လယ်ထဲမှာ လှေစီးရင်း အပျင်းပြေဆော့တဲ့ လူတွေနဲ့ ‌ပြည့်နေတယ်။ အိုလံပစ်တောင်နောက်မှာ ပျောက်ကွယ်သွားတဲ့ နောက်ဆုံးနေရောင်ကို ဖဲရစ်စ်ရဟတ်ပေါ် တက်ကြည့်ကြရင်း ပျော်ရွှင်ကြတယ်လေ။"

သူ ပိုင်နိုင်တဲ့ အကြောင်းအရာကို ရှင်းပြနေတော့ ဂျုံဆောင်းမျက်နှာက ယုံကြည်မှုအပြည့်နဲ့။ အသံတိတ် ဝိုးရင်း ပြောသမျှကို ခေါင်းညိတ်ထောက်ခံမိတယ်။ ဂျုံဆောင်းက သိပ်တော်တာပဲ။

"ငါ သွားတော့ မင်း ဘယ်သူနဲ့ ကစားလဲ။ ငါတို့အိမ်ကိုရော လူတွေ ပြောင်းလာသေးလား။"

သစ်သားလက်ရန်းပေါ် ကျောမှီရပ်ရင်း ဂျုံဆောင်းက ပြန်မေးတယ်။ ဒီနေရာက အအေးရိပ်မို့ သူ့လိုပဲ ကျွန်တော်လည်း မှီရပ်လိုက်တယ်။

"ပြောင်းလာတယ်။ ဒါပေမဲ့ သူတို့မှာ သားသမီး မရှိဘူး။ နှစ်ယောက်လုံးက အခုမှ လက်ထပ်ခါစဆိုတော့ သူတို့အချင်းချင်းသာ ကြည်နူးနေကြတာပါပဲ။ မင်းတို့ နေတုန်းကလို ငါတို့အိမ်ကို လာမလည်တတ်ကြဘူး။"

AMARANTH | SungJengWhere stories live. Discover now