AMARANTH ~ 10

393 40 32
                                    

[Unicode]

"ဆောင်းဟွန်းနား"

"ပြန်လာပြီလား"

လမ်းထဲ ချိုးမဝင်ခင် အကွေ့လေးအရောက်မှာ အနောက်က ခေါ်သံကြောင့် လှည့်ကြည့်မိတယ် ဆိုရင်ပဲ အမြင်အာရုံထဲ အဖြူရောင် တွန်းလှည်းလေးက ဝင်ရောက်လာတယ်။

ချစ်စရာကောင်းတဲ့ မုန်လာဥလေးနဲ့  အိမ်အပေါ်ထပ်က အစ်မ။ ဂျုံဆောင်းတို့ အိမ်ကို ပြောင်းလာခဲ့တဲ့ ဇနီးမောင်နှံက ထူးထူးခြားခြား ဒီနှစ်ထဲရောက်မှ ကလေးလေးတစ်ယောက် ရတယ်။

ညနေစောင်းဆို သူတို့သားအမိက လမ်းလျှောက်နေကျ။ ပြီးတော့ ကျွန်တော် ပြန်လာတာနဲ့ ဆုံနေကျ။

"ကိုကို့ကို နှုတ်ဆက်လိုက်ပါဦး"

နှုတ်ဆက်လိုက်ပါဦး ပြောပေမဲ့ ကျွန်တော် လှည့်ကြည့်ကတည်းက မုန်လာဥလေးမျက်နှာမှာ အပြုံးတွေ ရောက်နှင့်နေပြီ။ နှုတ်ခမ်းတွေပြင်၊ လက်ကားရား၊ ခြေကားရား လုပ်နဲ့ လိုက်ချင်ကြောင်း အမူအရာ ပြနေတော့တယ်။

"ဒီနေ့ ဘယ်တွေ သွားခဲ့လဲ ကလေးလေး"

ငုံ့ကိုင်းပြီး ကျွန်တော် မေးလိုက်တယ်ဆိုရင်ပဲ ခပ်မြန်မြန် ကျွန်တော့်လက်ညိုးကို ဖမ်းဆုပ်ထားလိုက်တယ်။ အဲ့ဒီအတွက် ကျွန်တော်ရော သူ့အမေပါ သဘောတကျ ရယ်မိလိုက်ကြတယ်။ မုန်လာဥလေးက ကျွန်တော့်ကို သိပ်ခင်တွယ်တာပဲ။

တစ်ခါတလေတော့လည်း တွေးမိတယ်။ သူက ဂျုံဆောင်းနေခဲ့တဲ့ အိမ်မှာ မွေးဖွားလာလို့များ ခင်တွယ်တာလား။ ဒါမှမဟုတ် ဒီအိမ်ကို ရောက်လာခဲ့တဲ့ သူတွေ‌ကပဲ ကျွန်တော့်ကို ချစ်ကြတာလားပေါ့။

"ကျွန်တော် တွန်းလိုက်မယ်။ သူ ကျွန်တော့်နောက် လိုက်ချင်နေတာ။"

လက်ကိုင်နေရာကို ပြောင်းယူလိုက်တော့ အစ်မက ကြည်ကြည်ဖြူဖြူ ဖယ်ပေးတယ်။ အနည်းငယ် မြင့်သယောင် ထင်ရတဲ့ ကုန်းအတက်လေးကို တွန်းတက်တော့ မုန်လာဥလေးဆီက သဘောကျသွားသလို ရယ်သံထွက်လာတယ်။

"ဘာလို့ မုန်လာဥလေးက ဆောင်းဟွန်းကို တအားချစ်နေတာလဲ မသိဘူးနော်"

"အလှအပကို ခံစားတတ်တာ ဖြစ်မယ်။ နော်။"

အတည်ပြုသလို ငုံ့မေးလိုက်တော့ မုန်လာဥ ကိုင်ထားတဲ့ ဂျောင်ဂျောင်ကနေ အသံတွေ ထွက်လာတယ်။ အစ်မကလည်း တော်တော်လေးကို ဟက်ဟက်ပက်ပက်နဲ့ ရယ်လိုက်တယ်။

AMARANTH | SungJengWhere stories live. Discover now